ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့တွင် Worldbridge Landအမည်ရှိကုမ္ပဏီကဆောက်လုပ်ရန် စီစဉ်လျက်ရှိသောတန်ဖိုးနည်းအိမ်ရာစီမံကိန်းကိုကမ္ဘောဒီးယားနိုင်ငံသားအားလုံး အလွန်စိတ်ဝင်စားလျက်ရှိကြသည်။
ဝင်ငွေနည်းပါးသူများအား အရစ်ကျပေးသွင်းရမည့် တန်ဖိုးနည်းအိမ်ရာဖြစ်ပြီးတစ်လလျှင် မြန်မာငွေတစ်သိန်းနှစ်သောင်းဝန်းကျင်ပေးသွင်းရုံမျှဖြင့် နေအိမ်ရရှိမည်ဟုဆိုသည်။
စီမံကိန်းတည်ရှိမည့်နေရာမှာ ဖနွမ်းပင်မှ ၁၇ ကီလိုမီတာခန့် ကွာဝေးသောနေရာတွင် ဖြစ်ကြောင်းWorldbridge Land မှ အမှုဆောင်အရာရှိချုပ်ဖြစ်သူအိုကန်ဟာဆီးရစ်သီကပြောကြားသည်။
ယင်းစီမံကိန်းအတွက် Worldbridge Landက ကန်ဒေါ်လာသန်း ၁၀၀ ခန့် ရင်းနှီးမြှုပ်နှံမည်ဖြစ်ပြီး ၂၀၁၇ ခုနှစ်၊ နှစ်စပိုင်းတွင် စတင်ဆောက်လုပ်မည်ဖြစ်ကာအပြီးသတ်ဆောက်လုပ်ရန်အတွက် ၂ နှစ်ခန့် အချိန်ယူရမည်ဟုဆိုသည်။
အဆိုပါစီမံကိန်းနှင့်ပတ်သက်၍ Worldbridge Landက မကြာသေးမီက တရားဝင်ထုတ်ဖော်ကြေညာလိုက်ခြင်းလည်း ဖြစ်သည်။
စုစုပေါင်း မြေအကျယ်အ၀န်း စတုရန်းမီတာ ၂၀၂၀၀၀ ပေါ်တွင် တည်ဆောက်သွားမည်ဖြစ်ပြီးစတုရန်းမီတာ ၁၀၇၀၀၈ ပေါ်တွင် လူနေအဆောက်အအုံများဆောက်လုပ်မည်ဖြစ်ပြီးစတုရန်းမီတာ ၇၆၀၀၄ ပေါ်တွင်မူလမ်းနှင့် ပန်းဥယျာဉ်များဆောက်လုပ်သွားရန် ရည်ရွယ်ထားသည်။
အဓိကအားဖြင့် ၀င်ငွေနည်းပါးသူများနှင့် လူလတ်တန်းစားဝင်ငွေနိမ့်ပါးသူတို့ ၀ယ်ယူနိုင်ရန် ရည်ရွယ်ခြင်းဖြစ်ပြီးနေအိမ်ခန်းတန်ဖိုးမှာ မြန်မာငွေအားဖြင့် သိန်း ၂၅၀ ကျော်မှ သိန်း ၃၀၀ ကျော်အကြားကျသင့်မည် ဖြစ်ပြီးအရစ်ကျစနစ်ဖြင့် ရောင်းချပေးမည် ဖြစ်သည်။
ကမ္ဘောဒီးယားဒေသတွင်းနှင့် သြစတေးလျရင်းနှီးမြှုပ်နှံသူတို့သည် ၀င်ငွေနိမ့်ပါးသူတို့အတွက် ရည်ရွယ်ကာအခြားတန်ဖိုးနည်းအိမ်ရာစီမံကိန်းတစ်ခုလည်းအကောင်အထည်ဖော်ရန် ပြင်ဆင်လျက်ရှိပြီးကန်ဒေါ်လာ ၂၅ သန်းခန့် ကုန်ကျမည်ဟုဆိုသည်။
ယင်းစီမံကိန်းမှာလည်း ဖနွမ်းပင်တွင်ပင်ဆောက်လုပ်မည်ဖြစ်ပြီးမည်သည့်အချိန်တွင် စတင်ဆောက်လုပ်မည်ကိုမူထုတ်ပြန်ခြင်းမရှိသေးချေ။
ယခုဆောက်လုပ်မည့် စီမံကိန်းမှာမူအိမ်ပုံစံသုံးမျိုးခွဲကာဆောက်လုပ်သွားမည်ဖြစ်ပြီးခမာဟန် နေအိမ်များမှာမြန်မာငွေ ၂၅၇၈၀၀၀၀ ခန့် ကျသင့်မည်ဖြစ်သည်။
ခမာ-သြစတေးလျဟန် နေအိမ်များမှာမူ မြန်မာငွေအားဖြင့် ၃၂၂၃၀၀၀၀ ခန့်ကျသင့်မည်ဖြစ်ပြီးခမာ-ပြင်သစ်ဟန် နေအိမ်များမှာ မြန်မာငွေအားဖြင့် ၃၈၆၈၀၀၀၀ ခန့် ကျသင့်မည်ဖြစ်သည်။
(မှတ်ချက်။ နိုဝင်ဘာ ၃ ရက်ငွေလဲနှုန်းဖြစ်သောအမေရိကန်တစ်ဒေါ်လာလျှင် မြန်မာငွေ ၁၂၈၉ ကျပ်နှုန်းဖြင့် တွက်ချက်ထားခြင်း ဖြစ်ပါသည်။)
နေအိမ်ခန်းဝယ်ယူသူတို့သည် အရစ်ကျပေးဆပ်ရမည်ဖြစ်ပြီးတစ်လလျှင် ကန်ဒေါ်လာ ၁၀၀ ခန့် (မြန်မာငွေ ၁၂၈၉၄၇ ကျပ်ခန့်) ပေးသွင်းရုံမျှဖြင့် နေအိမ်ခန်းပိုင်ဆိုင်နိုင်မည် ဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)