ပြည်ပ အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
အရှေ့တောင်အာရှဒေသတွင် စင်္ကာပူသည် အိမ်ခြံမြေဖြင့်ဝင်ငွေရှာသည့် ဘီလျံနာအရေအတွက် အများဆုံးနိုင်ငံဖြစ်ကြောင်း Hurun Report သုတေသနလုပ်ငန်းမှ ထုတ်ပြန်သည့် ၂၀၁၉ ခုနှစ် ကမ္ဘာ့အိမ်ခြံမြေသူဌေးကြီးများစာရင်းအရ သိရသည်။
မြို့အရွယ်အစားရှိနိုင်ငံဖြစ်သော စင်္ကာပူတွင် အိမ်ခြံမြေဘီလျံနာ ၁၀ ဦးရှိပြီး ကမ္ဘာ့အဆင့်တွင်မူ တရုတ် (ပထမ)၊ အမေရိကန် (ဒုတိယ)နှင့် ဗြိတိန် (တတိယ) တို့ပြီးလျှင် စတုတ္ထဖြစ်ပေသည်။
ထိုအိမ်ခြံမြေဘီလျံနာ ၁၀ ဦး၏ စုစုပေါင်း အသားတင်ပိုင်ဆိုင်မှုမှာ အမေရိကန်ဒေါ်လာ ၂၆ ဘီလျံဖြစ်သည်။ အိမ်ခြံမြေလုပ်ငန်းရှင်သူဌေးကြီး Ng Teng Fong (အင်ထိုင်ဖုန်း) ၏ သားနှစ်ယောက်ဖြစ်သော Philip Ng (ဖိလစ်အင်) နှင့် Robert Ng (ရောဘတ်အင်) တို့ ညီအစ်ကိုတွင် အသားတင်ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ၅ ဒသမ ၈ ဘီလျံစီ အသီးသီးရှိကြပြီး စင်္ကာပူ၏ အချမ်းသာဆုံးအိမ်ခြံမြေဘီလျံနာများဖြစ်ကြသည်။
ကမ္ဘာ့အဆင့်တွင် ပဉ္စမဖြစ်သည့် ထိုင်းတွင်မူ အိမ်ခြံမြေဘီလျံနာ နှစ်ဦးသာ ရှိသော်လည်း အရှေ့တောင်အာရှ၏ အချမ်းသာဆုံးအိမ်ခြံမြေဘီလျံနာ Tos Chirathivat (တို့စ်ချီရာသီဝက်) (အသားတင်ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ၁၉ ဘီလျံ) မှာ ထိုင်းမှဖြစ်သည်။
Chirathivat နှင့် မိသားစုသည် ထိုင်းနိုင်ငံတစ်ဝန်း ရှောပင်းမောလ်များနှင့် ကုန်တိုက်ကြီးများကို ဆောက်လုပ်ထားသော Central Group ကို ပိုင်ဆိုင်သည်။ Central Group သည် စင်္ကာပူအငှားယာဉ်ခေါ်သောဝန်ဆောင်မှုလုပ်ငန်း Grab တွင် မကြာသေးမီကပင် အမေရိကန်ဒေါ်လာ သန်း ၂၀၀ ရင်းနှီးမြှုပ်နှံခဲ့သည်။
Chirathivat သည် ၂၀၁၄ ခုနှစ် PropertyGuru Thailand Property Awards ဆုပေးပွဲတွင် Real Estate Personality of the Year ဆုကို ရရှိခဲ့သည်။
ကမ္ဘာ့အိမ်ခြံမြေဘီလျံနာအများဆုံးနိုင်ငံဖြစ်သည့် တရုတ်တွင် စုစုပေါင်း အမေရိကန်ဒေါ်လာ ၅၅၀ ဘီလျံ အသားတင်ပိုင်ဆိုင်မှုရှိကြသည့် အိမ်ခြံမြေဘီလျံနာ ၁၃၉ ဦးဝန်းကျင်မှာ ပြည်မကြီးတွင် နေထိုင်ပြီး ကျန်တရုတ်အိမ်ခြံမြေဘီလျံနာ ၂၅ ဦးမှာ ဟောင်ကောင်မှ ဖြစ်သည်။ ဟောင်ကောင်သည် ကမ္ဘာ့အိမ်ခြံမြေဘီလျံနာဦးရေ အများဆုံးမြို့ဖြစ်သည်။
ကမ္ဘာ့အချမ်းသားဆုံးအိမ်ခြံမြေဘီလျံနာမှာ တရုတ်မှ ရွှီကျားယင် (အသားတင်ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ၃၇ ဘီလျံ) ဖြစ်သည်။ ရွှီက ရှန်းကျန်းအခြေစိုက် Development လုပ်ငန်း Evergrande ကုမ္ပဏီ၏ ဥက္ကဋ္ဌဖြစ်သည်။ Evergrande ကုမ္ပဏီသည် စုစုပေါင်း စတုရန်းမီတာ ၅၂ သန်းရှိသော လူနေအိမ်ခြံမြေ အမေရိကန်ဒေါ်လာ ၈၅ ဘီလျံဖိုး ရောင်းချထားပြီးဖြစ်ကြောင်း သိရသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)