ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
အာရပ်စော်ဘွားများပြည်ထောင်စုရှိ ရှိတ်ခ် ဇာယစ်ဒ် အိုးအိမ်စီမံကိန်း (SZHP ) သည် ရှားဂျာအရှေ့ပိုင်း၊ ခေါ် ဖာကန်ဒေသတွင် လူနေခန်းပေါင်း ၂၅၀ အထိ ပါဝင်မည့် လူနေအိမ်ရာစီမံကိန်းဆောက်လုပ်ရေးအတွက် တင်ဒါခေါ်ယူရန် စီစဉ်လျက်ရှိကြောင်း အရှေ့အလယ်ပိုင်း အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
အဆိုပါဆုံးဖြတ်ချက်ကို SZHP ၏ ဘုတ်အဖွဲ့ အစည်းအဝေးတွင် ချမှတ်ခဲ့ခြင်းဖြစ်ပြီး အိုးအိမ်ကဏ္ဍကို အထောက်အကူပြုမည့် ဆုံးဖြတ်ချက်ပေါင်း ၁၀၀၀ ခန့် ဘုတ်အဖွဲ့က ချမှတ်ပြီးခဲ့ပြီဖြစ်ကာ ယခုဆုံးဖြတ်ချက်မှာ ၂၀၁၉ ခုနှစ် အိုးအိမ်စီမံကိန်းတွင် ပါဝင်ကြောင်း SZHP ၏ ထုတ်ပြန်ချက်တစ်ရပ်တွင် ဖော်ပြသည်။
ခေါ် ဖာကန်ဒေသ၊ အယ်လ် အိုဝေနက်ထ်အရပ်တွင် တည်ဆောက်မည့် နေအိမ်ခန်းတိုင်းသည် အကျယ်အဝန်း စတုရန်းမီတာ ၃၆၀ ရှိမည်ဖြစ်ပြီး အိပ်ခန်း ၃ ခန်းမှ ၄ ခန်းအထိ ပါဝင်မည်ဖြစ်သည်။
စီမံကိန်းဆောက်လုပ်မှုအတွက် အာရပ်ငွေ သန်း ၈၀၀ မှ ၁ ဘီလီယံ ( ကန်ဒေါ်လာ ၂၁၈ သန်းမှ ၂၇၂ သန်းကြား) ကုန်ကျမည်ဖြစ်ပြီး ၂၀၂၂ ခုနှစ်တွင် အပြီးသတ်နိုင်ဖွယ်ရာရှိသည်ဟု ဆိုသည်။
တင်ဒါအောင်မြင်သည့် ကုမ္ပဏီသည် စီမံကိန်းရေးဆွဲခြင်း၊ ဒီဇိုင်းရေးဆွဲခြင်း၊ ကွပ်ကဲခြင်းလုပ်ငန်းများ လုပ်ဆောင်ခွင့်ရရှိမည် ဖြစ်သည်။
တင်ဒါအတည်ပြုမှုကို အာရပ်စော်ဘွားများပြည်ထောင်စု ဝန်ကြီးချုပ်၊ ဒူဘိုင်းအကြီးအကဲဖြစ်သူ ရှိတ်ခ် မိုဟာမက် ဘင် ရာရှစ် အယ်လ် မက်ခ်တိုအမ်၏ လမ်းညွှန်မှုဖြင့် ဆုံးဖြတ်သွားမည် ဖြစ်သည်။
အာရပ်စော်ဘွားများပြည်ထောင်စု အစိုးရသည် အိုးအိမ်၊ သာယာဝပြောမှု၊ လူမှုစည်းလုံးမှုတို့ကို ဦးစားပေးကြောင်း အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးရေးဝန်ကြီး ဒေါက်တာ အယ်လ် နွီမီက ပြောကြားသည်။
ရှားဂျာအုပ်ချုပ်ရေးအဖွဲ့၏ အခန်းကဏ္ဍနှင့် ယခုစီမံကိန်းအတွက် မြေယာထောက်ပံ့ပေးခြင်းအားဖြင့် ပူးပေါင်းပါဝင်မှုတို့ကိုလည်း ဒေါက်တာ အယ်လ် နွီမီက ချီးကျူးဂုဏ်ပြုခဲ့သည်။
စီမံကိန်းကို နိုင်ငံတစ်ဝန်းရှိ လူနေဒေသ ၅ ခုတွင် ဆောက်လုပ်နေခဲ့ခြင်းဖြစ်ပြီး စုစုပေါင်းအားဖြင့် လူနေခန်းပေါင်း ၁၄၉၀ ပါဝင်သည်။
ရှားဂျာမှ အယ်လ် ဆိုယိုးဒေသရှိ စီမံကိန်းမှာ ပထမဆုံး စတင်ခဲ့သည့် စီမံကိန်းဖြစ်သည်။
လက်ရှိအားဖြင့် တိုင်းပြည်တစ်ဝန်းတွင် စီမံကိန်းပေါင်း ၃ ခုဆောက်လုပ်နေပြီး လူနေခန်း စုစုပေါင်း ၁၉၉၀ ခန်း ပါဝင်သည်ဟု ဆိုသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)