ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
ဗီယက်နမ်အိမ်ခြံမြေဈေးကွက်သည် ယခုနှစ်အတွင်း ထိုင်းမှိုင်းနေဖွယ်ရှိကြောင်း ဗီယက်နမ် အိမ်ခြံမြေစီမံခန့်ခွဲရေးဌာန လက်ထောက်အကြီးအကဲ ငုယင် မန်း ကွိုင်က ဟောကိန်းထုတ်လိုက်သည်။
၂၀၁၇ ခုနှစ်အတွင်းကမူ ဗီယက်နမ်နိုင်ငံတစ်ဝန်းရှိ ကျော်ကြားသော နေရာများစွာတွင် အိမ်ခြံမြေဈေးနှုန်း မြင့်တက်မှုများ များစွာ ဖြစ်ပေါ်ခဲ့သည်။
ယခုနှစ်အတွင်း အိမ်ခြံမြေဈေးကွက်တွင် ပူဖောင်းပေါက်ကွဲမှုဖြစ်စဉ် ဖြစ်ပေါ်ဖွယ်ရာမရှိကြောင်း၊ အစိုးရသည် စီမံခန့်ခွဲရေးနှင့် ကြပ်မတ်ကွပ်ကဲရေးတွင် အတွေ့အကြုံများ ပိုမိုရရှိနေပြီဖြစ်ကြောင်းလည်း အိုးအိမ်အကြီးအကဲက ဆက်လက်ပြောကြားသည်။
ယခုနှစ်အစောပိုင်း လများတွင် အိမ်ခြံမြေဈေးကွက်ထိုင်းနေခဲ့ပြီး အထူးသဖြင့် ဟနွိုင်းနှင့် ဟိုချီမင်းမြို့ တော်တို့တွင်ဖြစ်ကြောင်း ဗီယက်နမ် အိမ်ခြံမြေအသင်း (VNREA) ၏ လက်ထောက်ဥက္ကဌ ငုယင် မန်းဟာက ပြောကြားသည်။
ဟနွိုင်းမြို့ တွင် အိမ်ခြံမြေဈေးကွက် ရောင်းလိုအားမှာ ပြီးခဲ့သောနှစ် အလားတူကာလနှင့် နှိုင်းယှဉ်လျှင် ၂၅ ရာခိုင်နှုန်းကျဆင်းသွားပြီး ဟိုချီမင်းမြို့ တော်တွင်မူ ၅၀ ရာခိုင်နှုန်းကျော်အထိ ကျဆင်းသွားခဲ့သည်။
ရောင်းလိုအားကျဆင်းရခြင်း၏ အဓိကအကြောင်းရင်းမှာ အဆိုပါမြို့ ကြီး ၂ မြို့ ရှိ စီမံကိန်းကြီးများမှာ ၂၀၁၈ ခုနှစ် နောက်ဆုံး ၃ လပတ် ကာလအတွင်း ရောင်းချခဲ့ပြီးဖြစ်ခြင်းကြောင့် ဖြစ်သည်။
ထို့အပြင် ဟိုချီမင်းမြို့ တော်တွင် ဆောက်လုပ်ရေးစီမံကိန်းသစ်များ အတည်ပြုချက်ပေးရန် နှေးကွေးနေခြင်းနှင့် ကြွေးမြီဆိုင်ရာ မူဝါဒများ တင်းကြပ်လာခြင်းတို့ကလည်း အဓိကအကြောင်းရင်းများ ဖြစ်ကြသည်။
“ တချို့ ကပြောကြတယ်။ ဒီနှစ်အတွင်း အိမ်ခြံမြေဈေးကွက် ကျဆင်းမယ်လို့ ပြောနေကြတယ်။ ကျွန်တော်ထင်တာကတော့ ၂၀၁၈ နဲ့ ၂၀၁၉ အစောပိုင်းအတွင်းမှာ တည်ငြိမ်တဲ့ ဖွံ့ဖြိုးမှုတွေ တွေ့ရတယ်ဆိုတာပါပဲ " ပြီးခဲ့သောနှစ်အတွင်း အိမ်ခြံမြေဈေးကွက်အတွင်း အရောင်းဈေးကွက်ဝင်လာသည်မှာ အိမ်ခြံမြေပေါင်း ၁၇၅၀၀၀ ရှိခဲ့ပြီး ၂၀၁၇ ခုနှစ်နှင့် နှိုင်းယှဉ်လျှင် ၂၀ ရာခိုင်နှုန်း ပိုမိုတိုးတက်ခဲ့ခြင်းဖြစ်ကာ အရောင်းအဝယ်စုစုပေါင်း ၁၁၃၀၀၀ ဖြစ်ပေါ်ခဲ့သည်။
အစိုးရသည် ယခင်အကျပ်အတည်းများ ရင်ဆိုင်ခဲ့ရသည့်အတွေ့အကြုံများကြောင့် ကောင်းစွာထိန်းချုပ်နိုင်မည်ဖြစ်သည့်အတွက် ယခုနှစ်အတွင်း ဈေးကွက်ထိုးဆင်းမှုမျိုးကား မဖြစ်နိုင်ဟူသည့်အချက်ကို အိမ်ခြံမြေဈေးကွက် ကျွမ်းကျင်ပညာရှင်များက သဘောတူကြသည်။
ဗီယက်နမ် အမျိုးသားဘဏ္ဍာရေး ကွပ်ကဲမှုကော်မတီမှ လက်ထောက်ဥက္ကဌ လီရွှမ်းငဟီယာက ပြောကြားရာတွင် စတော့ဈေးကွက်မှ အရင်းအနှီးများသည် အိမ်ခြံမြေဈေးကွက်သို့ အလုံးအရင်းကူးပြောင်းလာဖွယ်ရာရှိကြောင်း၊ အဆိုပါဖြစ်ရပ်သည် ၂၀၂၁ ခုနှစ်အထိ ဖြစ်နေဖွယ်ရှိပြီး ၂၀၂၃ ခုနှစ်အထိတိုင်လည်း ရောက်ရှိသွားဖွယ်ရာရှိကြောင်း သုံးသပ်သည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)