ပြည်ပ အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
စင်္ကာပူအခြေစိုက် developer ဖြစ်သော Heeton Holdings ဦးဆောင်သော စင်္ကာပူလုပ်ငန်းစုတစ်ခုသည် အင်္ဂလန်နိုင်ငံ၊ လန်ဒန်ရှိ ဟိုတယ်တစ်လုံးကို ကန်ဒေါ်လာ သန်း ၁၁၀ ဖြင့် ဝယ်ယူလိုက်ကြောင်း စင်္ကာပူအခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
လန်ဒန်သို့သွားသည့် ပင်မလမ်းမကြီးတစ်ခုပေါ်တွင် တည်ရှိသော Crowne Plaza London Kensington ဟိုတယ်ကို ဝယ်ယူခဲ့ခြင်း ဖြစ်ပြီး ပေါင် ၈၄ ဒသမ ၃ သန်း (ကန်ဒေါ်လာ ၁၁၀ ဒသမ ၃ သန်း) ဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
Heeton Holdings သည် Crowne Plaza London Kensington ဟိုတယ်ကို ဝယ်ယူရာတွင် ဆောက်လုပ်ရေးကုမ္ပဏီများဖြစ်သော KSH Holdings နှင့် Ho Lee Group တို့နှင့်ပူးပေါင်းကာ LC London ကုမ္ပဏီထံမှ ဝယ်ယူခဲ့ကြခြင်း ဖြစ်သည်။
LC London ကုမ္ပဏီသည် အင်္ဂလန်နှင့် ဝေလပြည်နယ်တို့တွင် ရုံးများစိုက်ပြီး ဟိုတယ်လုပ်ငန်းရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတစ်ခုဖြစ်ကာ အဓိကအကျဆုံး ပိုင်ဆိုင်ထားသည်မှာ Crowne Plaza London Kensington ဟိုတယ်ဖြစ်သည်။
ယခုအခါ Heeton သည် Crowne Plaza London Kensington ဟိုတယ်၏ ရှယ်ယာ ၆၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ပြီး KSH နှင့် Ho Lee တို့မှာ ၂၀ ရာခိုင်နှုန်းစီ အသီးသီး ပိုင်ဆိုင်ထားကြသည်။
Crowne Plaza London Kensington ဟိုတယ်ကို ၂၀၁၅ ခုနှစ်အတွင်း ပြန်လည်မွမ်းမံမှုများ ပြုလုပ်ထားပြီး ကရွမ်းဝဲလ်လမ်းပေါ်တွင် တည်ရှိကာ မြေအကျယ်အဝန်းမှာ ၁ ဧကနီးပါးရှိသည်။
ဟိုတယ်တွင် en-suite အိပ်ခန်း ၁၆၃ ခန်း၊ စားသောက်ဆိုင်တစ်ခု၊ အရက်ဘားတစ်ခု၊ ပစ္စည်းကိရိယာအပြည့်အစုံ ထည့်သွင်းပေးထားသော အားကစားလေ့ကျင့်ရေးခန်းမတစ်ခု၊ ကွန်ဖရင့်ခန်းနှင့် ပွဲလမ်းသဘင်ခန်းမတို့ ပါဝင်သည်။
ဟိုတယ်မျက်နှာစာမှာ ဂျော်ဂျီယာဗိသုကာဟန်ဖြစ်ပြီး ကမ္ဘာလှည့်ခရီးသည် လည်ပတ်ရာနေရာများ၊ သမိုင်းဝင် အထင်ကရနေရာများ၊ ဈေးဝယ်စင်တာရပ်ကွက်များနှင့် လမ်းလျှောက်သွားရုံဖြင့် ရောက်နိုင်သည့် အကွာအဝေးတွင် တည်ရှိသည်။
ယခုဝယ်ယူလိုက်မှုနောက်ပိုင်း Heeton ကုမ္ပဏီအတွက် ပိုင်ဆိုင်မှု တိုးမြင့်လာပြီဖြစ်သည်။
လက်ရှိအားဖြင့် လုပ်ငန်းလည်ပတ်နေသော ဟိုတယ် ၁၂ လုံးရှိရာ ဗြိတိန်တွင် ဟိုတယ် ၈ လုံး၊ ဂျပန်တွင် ၂ လုံးနှင့် ထိုင်းနိုင်ငံတွင် ၂ လုံးတို့ ဖြစ်ကြသည်။
ဗြိတိန်ရှိ ဟိုတယ် ၈ လုံးအနက် ၇ လုံးမှာ ကိုယ်တိုင်စီမံကွပ်ကဲခြင်းဖြစ်ပြီး ၈ လုံးမြောက်ဟိုတယ်ဖြစ်သော Hotel Indigo Glasgow မှာမူ အခြားကုမ္ပဏီတစ်ခုက လည်ပတ်နေခြင်း ဖြစ်သည်။
ဂျပန်နှင့် ထိုင်းရှိ ဟိုတယ်အားလုံးမှာမူ အခြားကုမ္ပဏီများက လည်ပတ်လုပ်ကိုင်လျက်ရှိသည်။
Heeton ကုမ္ပဏီကို ၁၉၇၆ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ၂၀၀၃ ခုနှစ်၊ စက်တင်ဘာလတွင် စင်္ကာပူစတော့အိတ်ချိန်းတွင် အမည်ပေါက် စာရင်းဝင်ခဲ့သည်။
Heeton ကုမ္ပဏီသည် အိမ်ခြံမြေဆောက်လုပ်ခြင်း၊ ရင်းနှီးမြှုပ်နှံခြင်းနှင့် စီမံခန့်ခွဲခြင်းတို့တွင် လုပ်ကိုင်လျက်ရှိသော ကုမ္ပဏီကြီးတစ်ခု ဖြစ်သည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)