ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
ဘိုးဘွားအစဉ်အဆက်ပိုင်ဆိုင်သည့် တောင်သူများ၏လယ်ယာမြေများ သစ်တောဧရိယာအတွင်း ကျရောက်နေသဖြင့် နစ်နာမှုရှိလျှင် ပယ်ဖျက်ပေးရန် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနသို့ လျှောက်ထားနိုင်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး လူမှုရေးဝန် ကြီး ဒေါက်တာဇော်ဝင်းက ပြောသည်။
မေလ ၁၀ ရက်က ကျင်းပသော စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ပုံမှန်အစည်းအဝေး တွင် ဗန်းမောက်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းရွှေ၏သစ်တော ဧရိယာသတ်မှတ်ခြင်းမခံရမီ အမှန်တကယ်လုပ်ကိုင်ခဲ့သော လုံလောက်သည့် သက်သေအထောက်အထား ပြသနိုင်ပါက လယ်ယာမြေလုပ်ပိုင်ခွင့်ပုံစံ(၇)ရရှိရေး စီမံဆောင်ရွက်ပေးရန် မေးခွန်းကို တိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကံဇာမုံကိုယ်စား ဒေါက်တာဇော်ဝင်းက ပြန်လည်ဖြေကြားသည်။
‘‘အကျိုးနစ်နာသော တောင်သူများအနေနဲ့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဧရိယာသတ်မှတ်ထားခြင်းမှ ပယ်ဖျက်ပေးရန် လျှောက်ထားရမှာဖြစ်ပါတယ်။ ဝန်ကြီးဌာန သဘောတူညီမှုအရ ပြန်လည်စိစစ်တင်ပြပြီး အကြောင်းကြားလာပါက ပူးပေါင်းဆောင်ရွက်မှာ ဖြစ်တယ်’’ ဟု ဒေါက်တာဇော်ဝင်းက ပြောကြားသည်။
သစ်တောဧရိယာပယ်ဖျက် မိန့်ရရှိပါက ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ်ပုံစံ(၇) ရရှိရေး ဆောင်ရွက်မည်ဖြစ်ကြောင်း ဒေါက်တာဇော်ဝင်းက ဆိုသည်။
‘‘ကြိုးဝိုင်းဧရိယာသတ်မှတ်ချိန်က သက်ဆိုင်ရာဝန်ထမ်းများ ၏ ပေါ့ဆစွာ ဆောင်ရွက်ခဲ့ခြင်း ကြောင့်လည်းကောင်း၊ သက်ဆိုင်ရာ ဒေသအာဏာပိုင်များ၏နောင် ဖြစ်ပေါ်လာမည့် ပြဿနာအတိမ်အနက်ကို မတွေးမိခြင်းကြောင့် လည်းကောင်း ယခုအချိန်တွင် ပြဿနာများဖြင့် ကြာမြင့်နေခဲ့ ခြင်းလည်း ဖြစ်ပါတယ်’’ဟု ဦးဝင်းရွှေက လွှတ်တော်သို့ တင်ပြခဲ့သည်။
Credit: 7Daydaily