ဗဟုသုတ | Posted by ရွှေစင်ဝင်း
မြန်မာနိုင်ငံသည် ပထ၀ီဝင်အနေအထားအရ အပူပိုင်း၊ အအေးပိုင်း၊ သမပိုင်း ရာသီဥတုတို့ ဒေသအသီးသီးတွင် ရရှိခံစားရသည်မှာ မှန်သော်လည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ခြုံငုံသတ်မှတ်ရလျှင် ပူနွေးစွတ်စိုသောရာသီဥတုသာ ထင်ရှားသည်။
တစ်နည်းပြောရလျှင် အပူပိုင်းဇုန်ရာသီဥတုကဲသောနိုင်ငံဖြစ်သည်ဟု မှတ်ချက်အပြုခံရသောနိုင်ငံလည်းဖြစ်သည်။ ထိုသို့ အပူပိုင်းရာသီဥတု ကဲသည်ကြောင့်လည်း မြန်မာနိုင်ငံသားတို့သည် အပူဒဏ်မှသက်သာရာသက်သာကြောင်းကို ရှာကြံကြရသည်။ ယင်းသို့ရှာဖွေရာတွင် အပူဒဏ်လည်းသက်သာ၊ ကျန်းမာရေးအတွက်လည်းအကျိုးရှိသော နည်းလမ်းကို ရှေးမြန်မာကြီးများ ရှာဖွေအသုံးပြုခဲ့သည်မှာ မြန်မာလူမျိုးတို့၏ အမြော်အမြင်ကြီးမှုတစ်ရပ်ဟု မော်ကွန်းထိုးရမည်ဖြစ်သည်။
နေရောင်ခြည်အဆီးအတားမရှိကျရောက်နေသော လွင်တီးခေါင်ပြင်သည် ဖြတ်သန်းသွားလာရမည့် ခရီးသွားများကို မဆိုထားဘိ၊ မြင်တွေ့ရသူ၏ စိတ်နှလုံးကိုပင် ပင်ပန်းနွမ်းရိစေခြင်းအာနိသင် အပြည့်ရှိစေသည်။ စူးစူးရဲရဲကျရောက်နေသော နေရောင်ခြည်အလင်းသည် တင်းထားသမျှသောစိတ်ကို အားအင်တို့ ဆုတ်ယုတ်လျော့ပါးစေသည်။ ပြင်ထားသောခြေလှမ်းတို့ကို အားပျော့ခွေယိုင်စေသည်။
ခရီးသွားယာဉ်အဖြစ် မိမိသလုံးသားကိုသာ မောင်းနှင် အားပြုနေရသော ရှေးမြန်မာကြီးများအနေဖြင့် မိမိကဲ့သို့သောခရီးသည်များလည်း နားခိုရာရ၊ မိမိအိမ်အတွက်လည်း အေးရိပ်ဝေဖြာနိုင်စေရန် အိမ်အနီးပတ်ဝန်းကျင်၌ အရိပ်ရသစ်ပင် စိုက်ပျိုးခြင်းအလုပ်ကို ရှေးက တွင်တွင်ကျယ်ကျယ်ပြုခဲ့သည်။ စိုက်ပျိုးသူ၏ ဗဟုသုတနယ်ပယ်ကျယ်ပြန့် မှုနှင့် ရှေ့အလားအလာကြိုမြင်နိုင်မှုအပေါ် မူတည်ကာ အရိပ်၏တန်ဖိုးတို့ကွာခြားကောင်းကွာခြားနိုင်မှု ရှိမည်ဖြစ်သော်လည်း ခရီးတစ်ထောက်နားသူတို့ အတွက် အေးရိပ်ဆာယာပေးစွမ်းနိုင်မှုအာနိသင်ကတော့ ကွာခြားမှုရှိသည်မဟုတ်။
ရှေးယခင်က မြန်မာတို့သည် မြေကွက်ကျယ်ကျယ်တွင် အိုးအိမ်ဆောက် လုပ်နေထိုင်ခြင်းဖြစ်သည့် အတွက် အိမ်ပတ်ဝန်းကျင်တွင် စိုက်လိုသောအပင်ကို ကန့်သတ်မှကင်းကင်းဖြင့် ဆောက်နိုင်သည်။ ဆေးအကြောင်းဝါးအကြောင်း ကျွမ်းဝင်နှံ့စပ်သော မြန်မာကြီးတို့က အိမ်၏တည်နေပုံနှင့် လေကြောင်းအသွားအလာကို တွက်ချက်ကာ အိမ်၏အရပ်ရှစ်မျက်နှာ ထောင့်တို့ တွင် ဆေးဖက်ဝင်အပင်များကိုစိုက်ကြသည်။ တကယ်တော့ နွယ်မြက်သစ်ပင်ဆိုသည်ကလည်း ဆေးဖက်မ၀င်သည့်အပင်ဟူ၍မရှိ။ ဤသည်ကလည်း ဘုရားရှင်လက်ထက်သမားတော်အကျော် ဆရာဇီဝကကိုယ်တိုင် ၀န်ခံစကားမြွက်ကြားထားရသည့် အမှန်တရားတစ်ခု။ သစ်ပင်၊ သစ်ရွက်များကို ဖြတ်သန်း တိုက်ခတ်လာသော လေသည် လူတို့အတွက်ဘေးဖြစ်စေသည့်အမှုန်အမွားမျာား ရောဂါဘယများကို သစ်ရွက်များထံတွင်ချန်ထားရစ်ခဲ့ပြီးမှ ကြည်စင်လန်းဆတ်သောလေချိနုကို လူတို့ထံအရောက်ပို့သည်ဖြစ်၏။ တစ်နည်းပြောရလျှင် သစ်ပင်၊ သစ်ရွက်တို့သည် လူသားတို့အတွက် သဘာဝအတိုင်းဖြစ်တည်လာသော လေစစ်ဆန် ခါကြီးများဖြစ်တော့သည်။
များသောအားဖြင့် ရှေးမြန်မာအိမ်များအနီးတစ်ဝိုက်တွင် တမာပင်တစ်ပင်တော့ ရှိတတ်မြဲဖြစ်သည်။ တမာဆိုသည်က အသီးစားရသောအပင်တော့မဟုတ်။ သို့သော် အရွက်နုကို ရေနွေးဖြောပြီး အတို့အမြှုပ် အနေဖြင့် စားလေ့ရှိသလို အချဉ်တည်ထားပြီး တမာချဉ်အနေဖြင့် စားလေ့ရှိသည်။ တမာရွက် သည် ဆေးဖက် ၀င်သောအစွမ်းအစရှိ၏။ ရောဂါပိုးတို့ကို သေစေနိုင်သော အာနိသင် ရှိ၏။ ၀ဲ၊ ပွေး စသော အရေပြားပေါ်မှာဖြစ်သည့် ယားနာများကို တမာရွက်ပြုတ်ရည်ဖြင့် ဖန်ရည်ဆေးပေးပါက ပျောက်ကင်းသက်သာ၏။ ထို့ပြင်လည်း တမာရွက်နှင့် တမာပန်းတို့ကို ဖြတ်သန်းတိုကခတ်လာသောလေသည် ကိုယ်တွင်းမှရောဂါပိုးတို့ကို သေစေသည်ဟု လက်ခံထားကြသည်။ ထို့ကြောင့် ယခင်လွန်ခဲ့သောဆယ်စုနှစ် သုံး၊ လေးခု အလွန်က အဆုတ်ရောဂါဝေဒနာရှင်များအတွက် အထူးကုဆေးရုံကို မြန်မာနိုင်ငံအလယ်ပိုင်း မိတ္ထီလာမြို့တွင် ဖွင့်လှစ်တည်ဆောက်ထားခဲ့သည်။ အဆုတ်ဟူသည်က အသက်ရှူလမ်းကြောင်း၏ အခရာကျသော အင်္ဂါအစိတ်အပိုင်း ဖြစ်သည့်အလျောက် ရှူသွင်းလိုက်သောလေ လတ်ဆတ်သန့်စင်မှုရှိဖို့ရာ အရေးကြီးသည်။ မိတ္ထီလာမှာက အထင်ကရဖြစ်သော မိတ္ထီလာကန်ကြီး ရှိသည်။ မိတ္ထီလာကန်ကိုဖြတ် သန်းတိုက်ခတ်လာသော လေနုအေးသည် အဆုတ်ဝေဒနာရှင်များအတွက် ကုထုံးတစ်ရပ်ဖြစ်သည်။ ထိုအထဲတွင် အလှပေါ်အယဉ်ဆင့်ဟူသည့်စကားအတိုင်း မိတ္ထီလာမြို့ လမ်းမများ၌ တန်းစီစိုက်ထားသည့် တမာပင်တန်းများမှ တမာပန်းရနံ့သင်းသင်းကလည်း အဆုတ်ဝေဒနာရှင်များ၏ အသက်ရှူလမ်းကြောင်းကို သန့်စင်စေသောနည်းဖြင့် အားဖြည့်ပေးနိုင်သည်။
တမာပန်းဟူသည်က သူ့ချည်းသက်သက် တစ်ဆုပ်ချင်း၊ တစ်ခိုင်ချင်း မွှေးကြူကြည့်လျှင် သိသာထင်ရှားသောရနံ့တစ်စုံတစ်ရာ ပေးစွမ်းနိုင်သည်မဟုတ်။ သို့တစေ တစ်ပင်လုံးဝေနေအောင်ပွင့်သော တမာပင်ကြီးများ စီတန်းစုဝေးပေါက်ရောက်နေရာ တမာတန်း၊ တမာတော၊ တမာအုပ်ကို ဖြတ်းသန်းတိုက်ခတ်လာသည့်လေထဲ၌ ပျော်ဝင်နေသော တမာပန်း၏ရနံ့ကတော့ ညင်းညင်းညံ့ညံ့ဖြင့် သင်းပျံ့ချိုမွှေးလှစွာ၏။ လေထုထဲမှ အပူငွေ့၊ ဖုန်၊ မှုန် အငွေ့အသက်များကို တမာပင်တို့က စစ်ယူသန့်စင်ပြီးဖြစ်ရကား တမာအုပ်အလွန်လေထုသည် ကြည်စင်လန်းဆတ်မှုအပြည့်အ၀။ သည်လိုလေမျိုးကမှ အဆုတ်ရောဂါသည်တို့ကိုမကုစားနိုင်လျှင် ကုစားနိုင်မည့်သဘာဝအရင်းအမြစ် ရှိမည်မဟုတ်တော့။
သည်မျှသာမက တမာရို့းသည် ခံတွင်းသန့်ရှင်းရေးအတွက် ယနေ့တိုင်သုံးနေရသော ကျန်းမာရေးအထောက်အကူပြုပစ္စည်း ဖြစ်နေသေး၏။ တမာရိုးနှင့်သွားတိုက်ခြင်းအားဖြင့် သွားများခိုင်ခံ့သန်စွမ်းစေသည့်အပြင် သွားဖြူစင်ဖွေးလက်ခြင်းကိုလည်း ဖြစ်စေ၏။ ပိုးသေစေသော တမာ၏ဂုဏ်ရည်က ခံတွင်နှင့်သွား ရောဂါပိုးတို့ကို ကင်းစင်စေ၏။ ကျေးလက်မှ ဘုန်းတော်ကြီးတော်တော်များများနှင့် မြို့ပြမှ အချို့ဘုန်းတော်ကြီးများသည် တမာရိုးတံပူဖြင့် သွားတိုက်နေကြဆဲဖြစ်သည်။ တမာခေါက်ကို ရေနှင့်ကျို၍ ထိုရေခပ်နွေးနွေးကိုချိုးပေးပါက အရေပြားတွင်ဖြစ်တတ်သော ယားနာစသည်တို့ မကပ်ငြိနိုင်။ ယင်းသို့ ပဉ္စငါးပါးစလုံး ကျန်းမာရေးအတွက်အသုံးတည့်လှသော တမာပင်သည် ရှေးမြန်မာ့အိမ်ရာတို့၏ အဖော်အဖက် ဖြစ်ခဲ့ရသည်။ သရက်၊ ပိန္နဲ စသောအပင်ကြီးများသည် အရိပ်လည်းရ၊ အသီးလည်းစားရသော နှစ်ဖက်လှအပင်များဖြစ်သကဲ့သို့ ပိတောက်၊ ခရေ စသောအပင်ကြီးမျိုးများမှာမူ အရိပ်နှင် ပန်း နှစ်လမ်းသွားအကျိုးသက်ရောက်မှု ရှိကြသည်။ ထို့ကြောင့် ဆိုခဲ့ပါအပင်ကြီးများသည်လည်း ရှေးမြန်မာ့အိမ်ရာများ၏အဖော်အဖက်စာရင်း ၀င်ခဲ့ပြန်၏။
နောက်ပိုင်းတွင် နှစ်ရှည်ပင်များစိုက်ရန် အခြေအနေမပေးသူတို့က အလွယ်တကူအကြီးမြန်သည့်အပင် အစားထိုးစိုက်ကြသည်။ ယင်းမှာ ဗာဓံပင်ဖြစ်၏။ ဗာဓံပင်သည် အထူးတလည်ဂရုဓမ္မပြုရန်မလိုဘဲ ရှင်သန်ပေါက်ပွားနိုင်သည်။ သူ့အရွက်ဖားဖားကြီးများက နေပြောက်မျှမထိုးနိုင်လောက်အောင် လုံခြုံမှုပေးစွမ်းနိုင်သည်။ တော်ရုံတန်ရုံမိုးလောက်သည်ပင် ဗာဓံရိပ်ကိုမထိုးဖောက်နိုင်။ သို့သော် ဗာဓံပင်ကို အိမ်ခြံဝင်းထဲမစိုက်ကောင်းဟူသောအစွဲက ရှိနေပြန်သည်။ ဗာဓံပင်တွင် မကောင်းဆိုးဝါးပျော်မွေ့သည်ဟူသော ရိုးရာအစွဲအလမ်းကြောင့်ဖြစ်၏။ ထို့ကြောင့် အိမ်ရှင်တို့သည် မိမိတို့အိမ်သို့ နေကျရောက်ရာလမ်းကြောင်းကို တွက်ချက်ကာ အိမ်ကိုနေရောင်တိုက်ရိုက်မကျရောက်ရေး အတွက် ဗာဓံပင်စိုက်ရာ၌ မိမိအိမ်အ၀န်းအ၀ိုင်း နယ်နိမိတ်ပြင်ပတွင် စိုက်ကြမြဲဖြစ်ရာ ထိုဗာဓံရိပ်သည် ခရီးသွားများအတွက် တန်ဖိုးရှိလှစွာသော ချွေးသိပ်နားခိုရာ ကွန်းစခန်းတစ်ခု ဖြစ်ရပြန်၏။ သစ်ပင်စိုက်ပျိုးခြင်းကိုဝါသနာထုံသော မြန်မာတို့သည် အပူဒဏ်ကာကွယ်ရေးကုထုံးကို သစ်ပင်ရိပ်များဖြင့်အကောင်အထည်ဖော်ခဲ့သည်မှာ မြန်မာ့သမိုင်းစဉ်တစ်လျှောက်လုံးပင် ရှိခဲ့လေပြီတည်း။
ကျော်ဇောလေး ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com