ဗဟုသုတ | Posted by စည်သူအောင်
ဂျပန်တွင် စတုရန်း ၆ မီတာသာ ကျယ်ဝန်းသော အခန်းကျဉ်းလေးများကို ဂျပန်လူမှုကွန်ရက်သုံးစွဲသူတို့က “အိမ်သာကြီး” ဟု ခိုင်းနှိုင်းပြောဆိုကြသည်။
အကျဉ်းခန်းဆန်သော အဆိုပါ အခန်းကျဉ်းလေးများသည် လူမှုကွန်ရက်တွင် အလွန်ပျံ့နှံ့နေပြီး အထူးသဖြင့် တရုတ်ပြည်မှ လူမှုကွန်ရက်သုံးစွဲသူတို့အကြား ကျော်ကြားနေသည်။
၂၀၂၄ ခုနှစ်အတွင်း ဂျပန်သို့ နိုင်ငံခြားခရီးသွားများ မြင့်တက်ခဲ့သောကြောင့် ဟိုတယ်ခန်းများမှာ နေရာလွတ်မရှိသည်အထိ ဖြစ်ပေါ်လျက်ရှိချိန်တွင် ယခုအခန်းကျဉ်းလေးများကို စိတ်ဝင်စားသူ များပြားလာခြင်းလည်း ဖြစ်သည်။
နေရာအကွက်အကွင်းကောင်းခြင်းနှင့် ဈေးသက်သာခြင်းတို့ကြောင့်လည်း နာမည်ကြီးနေခြင်း ဖြစ်သည်။
ဂျပန်အစိုးရထုတ်ပြန်သော အချက်အလက်များအရ ၂၀၂၄ ခုနှစ် ဇန်နဝါရီမှ ဇွန်လအထိ ပထမနှစ်ဝက် ကာလအတွင်း ဂျပန်သို့ လာရောက်လည်ပတ်သူ ၁၇,၇၇၇,၂၀၀ ဦးရှိခဲ့သည်ဟု ဆိုသည်။
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ တစ်လတည်းတွင်ပင် ဂျပန်သို့ လည်ပတ်သူ ၃,၃၁၂,၀၀၀ ဦး ရှိခဲ့ကာ ယခင်နှစ်ထက် ၃၁ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။
တိုကျိုမြို့ Waseda University အနီး Waseda အရပ်ရှိ အခန်းဆိုလျှင် Waseda ဘူတာသို့ ၂ မိနစ် လမ်းလျှောက်သွားရုံဖြင့် ရောက်နိုင်ကာ နေရာအကွက်အကွင်း ကောင်းလှသည်။
(အလွန်ကျဉ်းမြောင်းလှသော ဤရေချိုးခန်းတွင် အိမ်သာတက်မည်ဆိုပါက သင်၏ ခြေထောက်နှစ်ချောင်းကို ရေစိမ်ကန်ထဲသို့ ချထားရမည် ဖြစ်သည်။ ဓာတ်ပုံ-QQ)
အခန်းတည်ရှိသည့် အဆောက်အအုံမှာ ၆ ထပ်ဖြစ်ပြီး ၁၉၈၁ ခုနှစ်က ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။
သက်တမ်း ၄၁ နှစ်ရှိပြီဖြစ်သော အဆောက်အအုံကို ကောင်းစွာထိန်းသိမ်းထားကာ Automatic Lock များနှင့် ဓာတ်လှေကားတို့ အပါအဝင် ခေတ်မီအသုံးအဆောင်များ ထည့်သွင်းပေးထားသည်။
အခန်းများ၏ အကျယ်အဝန်းမှာ စတုရန်း ၆ မီတာသာ ရှိသော်လည်း လေအေးပေးစက်၊ smart toilet ၊ ရေချိုးခန်းနှင့် ခေါက်စားပွဲ ၂ ခုတို့အပါအဝင် amenities များစွာ ထည့်သွင်းပေးထားသည်။
သို့သော် အလွန်ကျဉ်းမြောင်း ကျပ်ညပ်လှသော အခင်းအကျင်းမှာ အကျဉ်းခန်းတစ်ခုနှင့် တူနေသည်။
ပြတင်းပေါက်ငယ်တစ်ခုတည်းသာရှိပြီး အိမ်သာတက်မည်ဆိုပါက ရေစိမ်ကန်ထဲသို့ ခြေထောက်ချထားရမည် ဖြစ်သည်။
သို့သော် အိမ်လခမှာ မယုံနိုင်အောင် သက်သာသည်။
တစ်လလျှင် ယန်း ၃၅၀၀၀ (ကန်ဒေါ်လာ ၂၂၂) သာပေးရရာ ထိုဒေသပေါက်ဈေးအရ မယုံနိုင်အောင် သက်သာသည့် ဈေးနှုန်းဖြစ်သည်။
အနီးရှိ ဟိုတယ်များတွင် တည်းခိုမည်ဆိုလျှင် ရက်အနည်းငယ်မျှ တည်းခိုလျှင်ပင် ယခုအခန်း တစ်လခထက် ပိုမိုကုန်ကျသည်။
ယခုအခန်းများနှင့် စပ်လျဉ်းပြီး လူမှုကွန်ရက်တွင် သဘောထား အမြင်အမျိုးမျိုး ကွဲပြားသည်။
“ဒါက အိမ်သာတစ်လုံးသာသာပဲ ရှိပါတယ်” ဟု ဂျပန်မှ လူမှုကွန်ရက်သုံးစွဲသူတစ်ဦးက မှတ်ချက်ပြုသည်။
အချို့ကမူ သက်တောင့်သက်သာရှိကာ နွေးထွေးသည့်နေရာဖြစ်ကြောင်း ပြောသည်။
“အလုပ်နဲ့နီးတယ်ဆိုရင် သွားလာရ အချိန်ကုန် သက်သာပါတယ်။ ကျွန်တော်သာဆို ရုံးရက်တွေ အဲဒီမှာ နေပြီး ရုံးပိတ်ရက်တွေမှာ အိမ်ပြန်မယ်” ဟု တစ်ဦးက မှတ်ချက်ပြုသည်။
(အခန်းကျဉ်းလေးများတည်ရှိရာ ၆ ထပ်အဆောက်အအုံမှာ တိုကျိုမြို့ရှိ တက္ကသိုလ်နယ်မြေတွင် ရှိသည်။ ဓာတ်ပုံ-QQ)
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Giant toilet’ Japan flat goes viral for affordable price, attracts interest from China Photo Credit-QQ