ပြည်ပ အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
မလေးရှားနိုင်ငံတွင် နိုင်ငံခြားသားများအပေါ် တင်းကြပ်ထားမှုများ ထက်ဝက်ခန့် လျှော့ချပေးရန် မလေးရှားတောင်ပိုင်း ဂျိုဟာပြည်နယ်တွင် တောင်းဆိုလျက်ရှိပြီး အိမ်ခြံမြေကဏ္ဍ အရောင်းမြှင့်တင်နိုင်ရေးအတွက် ရည်ရွယ်ခြင်းဖြစ်သည်ဟု ဟောင်ကောင်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
မလေးရှားနိုင်ငံတွင် နိုင်ငံခြားသားများကို ရင်းဂစ် ၁ သန်းအောက်တန်ကြေးရှိသည့် အိမ်ခြံမြေများ ဝယ်ယူခွင့် တားမြစ်ပိတ်ပင်မှု ၂၀၁၄ ခုနှစ်တွင် ပြဌာန်းခဲ့ပြီး အိမ်ခြံမြေဈေးကစားမှုများ ကာကွယ်ရန်ဖြစ်သည်ဟု ဆိုသည်။
အရောင်းထိုင်းနေသော မလေးရှားအိမ်ခြံမြေဈေးကွက် အရောင်းမြှင့်တင်နိုင်ရေးအတွက် အဆိုပါကန့်သတ်ချက်ကို တစ်ဝက်ခန့် လျှော့ချပေးရန် ဂျိုဟာအိမ်ခြံမြေလောကက မလေးရှားအစိုးရအား တိုက်တွန်းလိုက်ခြင်း ဖြစ်သည်။
ဂျိုဟာ အိမ်ခြံမြေ developer များအသင်း (Rehda) က နိုင်ငံခြားသားများ အိမ်ခြံမြေဝယ်ယူခွင့်ဆိုင်ရာ လက်ရှိအခြေအနေများကို ပြန်လည်သုံးသပ်ပေးရန် အစိုးရအား တောင်းဆိုထားသည်။
Rehda ၏ ဥက္ကဌ ချောင်ယွန်းအွန်က ပြောကြားရာတွင် ၂၀၁၄ ခုနှစ်က ပြဌာန်းချက်ဖြစ်သော အနိမ့်ဆုံးအားဖြင့် ရင်းဂစ် ၁ သန်း (ကန်ဒေါ်လာ ၂၄၂၀၀၀) ဖြစ်ရမည်ဟူသော ကန့်သတ်ချက်ကို ရင်းဂစ် ၅၀၀၀၀၀ သို့ လျှော့ချပေးသင့်ကြောင်း ပြောကြားသည်။
အဆိုပါဥပဒေကို ယခင်အစိုးရက ချမှတ်သွားခဲ့ခြင်းဖြစ်ပြီး အိမ်ခြံမြေဈေးနှုန်းများ တည်ငြိမ်စေရန်နှင့် ဈေးကစားမှုများ ကာကွယ်ရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။
မကြာသေးမီနှစ်များအတွင်း မလေးရှားအိမ်ခြံမြေဈေးကွက် ထိုင်းမှိုင်းလာခြင်းနှင့် developer တို့အတွက် လုပ်ငန်းလည်ပတ်ရန် ခက်ခဲလာခြင်းကြောင့် ရင်းဂစ်တစ်သန်း ကန့်သတ်ချက်ကို အချိန်မီသုံးသပ်ပေးရန်လိုအပ်ကြောင်းလည်း ချောင်ယွန်းအွန်က ပြောကြားသည်။
ထိုသို့လျှော့ချပေးခြင်းကြောင့် ပြည်တွင်းဝယ်လက်တို့အတွက် အခက်တွေ့စေမည်ဟု ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အုပ်ချုပ်ရေး အဖွဲ့အနေဖြင့် ရတက်မအေး မဖြစ်သင့်ကြောင်း၊ developer တို့သည် စီမံကိန်းများ၏ ၁၀ ရာခိုင်နှုန်းကိုသာ နိုင်ငံခြားသားများကို ရောင်းချပေးခြင်းဖြစ်ပြီး ကျန် ၉၀ ရာခိုင်နှုန်းကို ဒေသခံများ ဝယ်ယူနိုင်ပါကြောင်းလည်း ချောင်ယွန်းအွန်က ဆက်လက်ပြောကြားသည်။
“မလေးရှားအနေနဲ့ ဘာမှဆုံးရှုံးသွားမှာ မဟုတ်ပါဘူး။ အိမ်ခြံမြေတွေဟာ ရွှေ့ပြောင်းလို့မရတဲ့ ပိုင်ဆိုင်မှုတွေဖြစ်ပါတယ်။ နိုင်ငံခြား ဝယ်လက်တွေအနေနဲ့ ဒီအိမ်ခြံမြေတွေကို ဖျက်ယူပြီးတော့လည်း သူတို့နိုင်ငံကို ပြန်သယ်သွားကြမှာ မဟုတ်ပါဘူး”
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)