ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
ဟောင်ကောင်တွင် ၆ နှစ်တာကာလအတွင်း အကြီးမားဆုံး အိမ်ခြံမြေပြပွဲကြီး ကျင်းပခဲ့ရာ တစ်ရက်တာအတွင်း အခန်းများ အားလုံးနီးပါး ရောင်းထွက်ခဲ့သည်ဟု ဆိုသည်။
ဟောင်ကောင်၏ ထိပ်တန်း အိမ်ခြံမြေ developer ဖြစ်သော Wheelock Properties က အရောင်းပြပွဲကျင်းပခဲ့ခြင်းဖြစ်ပြီး အခန်းပေါင်း ၁၁၄၁ ခန်းပြသခဲ့သည့်အနက် တစ်ရက်တာအတွင်း ၁၀၀၁ ခန်း ရောင်းထွက်ခဲ့သည်ဟု ဆိုသည်။
“ပထမ ၂ နာရီအတွင်း ဝယ်လက် ၄၀ လောက်က အခန်းပေါင်း ၁၀၀ လောက်ဝယ်ကြတယ်။ ဝယ်လက် ၃ ဦးက တစ်ဦးကို ၄ ခန်းစီဝယ်ကြတယ်။ နောက်ထပ် ဝယ်လက် ၃ ဦးကလည်း တစ်ယောက်ကို ၃ ခန်းစီဝယ်ကြတယ်”ဟု Wheelock ၏ မန်နေးဂျင်း ဒါရိုက်တာ ဝေါင်က ပြောကြားသည်။
ဟောင်ကောင်၏ Lohas Park, Tai Po နှင့် Ho Man Tin အရပ်တို့ရှိ လူနေခန်းသစ်ပေါင်း ၁၁၄၈ ခန်း ရောင်းချပေးခဲ့ရာတွင် ည ၁၁ နာရီသို့ အရောက်တွင် အခန်းစုစုပေါင်း၏ ၈၇ ရာခိုင်နှုန်းဖြစ်သော ၁၀၀၁ ခန်း ရောင်းထွက်သွားသည်ဟု ဆိုသည်။
“ဈေးကွက်အမြင်ကတော့ သိပ်ကောင်းပါတယ်။ ဝယ်လက်တွေဟာ ကောင်းမွန်တဲ့ ရင်းနှီးမြှုပ်နှံမှုနယ်ပယ်တွေ လိုလားကြတယ်။ အိမ်ခြံမြေဟာ တန်ဖိုးထိန်းသိမ်းထားနိုင်မှု ကောင်းမွန်တဲ့အရာဖြစ်ပါတယ်”ဟု Wheelock Properties ၏ မန်နေးဂျင်း ဒါရိုက်တာ ရစ်ကီ ဝေါင် ကွမ်ယူက ပြောကြားသည်။
ဟောင်ကောင်တွင် ယခုနှစ် ဧပြီလအတွင်း အိမ်ခြံမြေရောင်းချရမှုမှာ ဟောင်ကောင်ဒေါ်လာ ၇၀ ဒသမ ၁ ဘီလီယံ (ကန်ဒေါ်လာ ၈ ဒသမ ၉ ဘီလီယံ) ဖိုးအထိ ရောင်းချခဲ့ရရာ မတ်လအတွင်း ရောင်းချရမှုနှင့် နှိုင်းယှဉ်လျှင် ၅၂ ဒသမ ၈ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။
“ဒီလအတွင်းမှာ အခန်းသစ်တွေ ရောင်းချရမှု တော်တော်အားကောင်းဖို့ရှိပါတယ်။ ပြီးခဲ့တဲ့လထက် အများကြီး ရောင်းအားတက်လာမှာ ဖြစ်ပြီး ဒီလထဲမှာ အခန်းသစ်ပေါင်း ၃၀၀၀ ကျော် ရောင်းချနိုင်ဖွယ်ရှိပါတယ်” ဟု ဟောင်ကောင်ထိပ်တန်း အိမ်ခြံမြေအကျိုးဆောင် ကုမ္ပဏီများမှတစ်ခုဖြစ်သော Midland Realty မှ အမှုဆောင်အရာရှိချုပ် ဆမ်မီပိုက ပြောကြားသည်။
ထို့အပြင် မေလအတွင်း အိမ်ခြံမြေဈေးနှုန်းများ ၃ ရာခိုင်နှုန်းကျော် မြင့်တက်ဖွယ်ရာရှိသည်ဟုလည်း ၎င်းက ခန့်မှန်းထားသည်။
Lohas Park အရပ်ရှိ Montara စီမံကိန်းရှိ အခန်းပေါင်း ၅၀၀ ကို ဝယ်ယူလိုကြောင်း စာရင်းပေးထားသူ ၁၈၀၀၀ ခန့်အထိ ရှိနေရာ တစ်ခန်းလျှင် ဝယ်ယူလိုသူ ၃၆ ဦးရှိနေခြင်းလည်း ဖြစ်သည်။ အခန်းများ၏ ပျှမ်းမျှဈေးနှုန်းမှာ စတုရန်း ၁ ပေလျှင် ဟောင်ကောင်ဒေါ်လာ ၁၄၇၀၄ ဖြစ်သည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)