ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
စက်မှုဇုန်မြေကွက်တွေ ရယူထား ပြီး လုပ်ငန်းမလုပ်ကိုင်တဲ့အကွက်တွေ ကို မြေတန်ဖိုးရဲ့တစ်ဝက်နဲ့ ပြန်လည်သိမ်းယူ မယ့်အပြင် ထောင်ဒဏ်သုံးနှစ်အထိ ချမှတ်မယ်လို့ စက်မှုဇုန်ဥပဒေကြမ်း မှာ ထည့်သွင်း ရေးဆွဲထားပါတယ်။ တောင်ဒဂုံစက်မှု ဇုန်မှာရှိတဲ့ Smart smooth Industrial တည်ထောင်သူ ကိုဇော်ဇော် က အဲသည် ဥပဒေပါအတိုင်း အမှန်တကယ် ဆောင်ရွက်ပေးရင် ကျွန်တော်တို့လို အက်စ်အမ်အီး လုပ်ငန်းထူထောင်သူတွေ အနေနဲ့ စက်မှုဇုန်မြေနဲ့ အဆောက်အအုံငှားရမ်း လုပ်ကိုင်ရတဲ့ ဘဝကနေ လွတ်မြောက် ဖို့ မျှော်လင့်ချက် ရောင်ခြည် လေးသန်းလာသလို စက်မှုဇုန်ဥပဒေဟာ အမှန်တကယ် လုပ်ငန်းလုပ်ကိုင်သူတွေ သာ စက်မှုဇုန်မြေ ပိုင်ဆိုင်ခွင့်ရှိလာမှာ လား ဆိုတာဟာ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်လို့ ပြောပါတယ်။
မေလ ၃ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ စက်မှုဇုန်ဥပဒေကြမ်းမှာ အခန်းပေါင်း၂၀ နဲ့ ပုဒ်မပေါင်း ၈၀ ပါဝင်ပါတယ်။ ပြည်သူများ သိရှိလေ့လာအကြံပြုနိုင်ဖို့ ဖော်ပြခြင်း ဖြစ်ပြီးအကြံပြုစာတွေကို ပြည်ထောင်စု လွှတ်တော်ရုံးဆီကို လိပ်မူပေးပို့နိုင်တယ်လို့ အဲသည် ဥပဒေကြမ်းမှာ ဖော်ပြပါရှိတယ်။
စက်မှုဇုန်ဥပဒေကြမ်းပုဒ်မ ၃၇ ပုဒ်မခွဲ (ခ) အရ စက်မှုဇုန်အတွင်း မြေကွက်များ အား လက်ရှိရယူထားပြီးလုပ်ငန်းလုပ် ကိုင်ခြင်းမရှိသော မြေကွက်များကို ဤ ဥပဒေ ပြဋ္ဌာန်းသည့်နေ့မှ ခြောက်လအတွင်း လုပ်ငန်းစီမံချက်တင်ပြ၍ အတည်ပြု ချက်ရယူရမည်။ တင်ပြသောစီမံကိန်းကို နှစ်နှစ်အတွင်း ပြီးစီးအောင် လုပ်ကိုင်ခြင်းမရှိပါက ဒေသဆိုင်ရာကော်မတီက သတ်မှတ်သော မြေရဲ့ကာလတန်ဖိုး ၅၀ ရာခိုင်နှုန်းဖြင့် ပြန်လည်သိမ်းဆည်း၍ အမှန်တကယ် လုပ်ငန်းလုပ်ကိုင်မည့် လုပ်ငန်းရှင်များအား လွှဲပြောင်းပေးခြင်းကို ခံယူရမည် လို့ ပါရှိပါတယ်။ အဲသည်အချက်ကို လိုက်နာခြင်းမရှိပါက ပုဒ်မ-၆၇ အရ ငွေဒဏ် ကျပ်သိန်း ၂၀ ကျခံရမယ့်အပြင် သုံးနှစ်ထက် မပိုတဲ့ ထောင်ဒဏ်လည်း ချမှတ်နိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။
အဲသည် စက်မှုဇုန်ဥပဒေကြမ်းနဲ့ပတ်သက်ပြီး တရားလွှတ်တော်ရှေ့နေ ဦးစည် သူကျော်က “ဒါက ဥပဒေကြမ်းပဲရှိသေးတော့ အတည်ပြုပြီး ထုတ်ပြန်ဖို့ လိုအပ်နေပါသေးတယ်၊ဒီကြားထဲမှာ ပြည်သူတွေရဲ့ အကြံပြုချက်တွေကိုထည့်သွင်းရေးဆွဲဖို့ လဲ ရှိနေသေးတယ်၊ နိုင်ငံအတွက် အမြန်ဆုံး ပြဋ္ဌာန်းပြီး အကောင်အထည်ဖော်ဖို့ လိုအပ်တဲ့ ဥပဒေလဲ ဖြစ်တယ်” လို့ ဆိုတယ်။
အရင်ခေတ်က စက်မှုဇုန်မြေတွေကို လက်သင့်ရာပေးခဲ့ကြတာ အားလုံးအသိပါ ပဲ။ အဲဒါကြောင့် စက်မှုဇုန်မြေ အတော်များများဟာ အမှန်တကယ် လုပ်ငန်းမလုပ်တဲ့ သူတွေကသာ ပိုင်ဆိုင်ထားပြီး မြေဈေးတွေကစားခဲ့တဲ့အတွက်လည်း အိမ်ခြံမြေဈေးနှုန်းတွေ မြင့်တက်နေတာဖြစ်တယ်။ အဲဒါ ကြောင့် အစိုးရအဆက်ဆက် လုပ်ငန်းမလုပ် တဲ့ စက်မှုဇုန်မြေတွေကို ပြန်လည်သိမ်းဆည်းဖို့ စီစဉ်ကြပေမဲ့ ဥပဒေမရှိတဲ့အတွက် ထိထိရောက်ရောက်လုပ်ဆောင်နိုင်တာမျိုးမရှိခဲ့ပါဘူး။ အဲဒါကြောင့် ဥပဒေပြဋ္ဌာန်းပြီး တာနဲ့ထိထိရောက်ရောက် အရေးယူဆောင် ရွက်မှသာ ဥပဒေကလည်း အသက်ဝင်လာ မှာ ဖြစ်တယ်လို့ ဦးစည်သူကျော်က ပြောပါတယ်။
ကိုဇော်ဇော်ကတော့ “ကျွန်တော့်ရဲ့ စက်ရုံကနေ ပလတ်စတစ်ပစ္စည်းတွေ ထုတ်လုပ်တဲ့ စက်တွေတပ်ဆင် ရောင်းချနေပါတယ်၊ဒါပေမဲ့ သည်စက်ရုံအဆောက်အအုံ နဲ့စက်မှုဇုန်မြေနေရာကို ကျွန်တော် မပိုင်ဆိုင်ပါဘူး၊ နှစ်ချုပ်နဲ့ ငှားထားရတာ ဖြစ်တယ်၊ စက်မှုလုပ်ငန်း တစ်ခုကို အက်စ်အမ် အီးအနေနဲ့ စတင်မယ်ဆိုရင် မြေငှားခ၊ အဆောက်အအုံ ငှားခတွေ ရင်းနှီးမြှုပ်နှံဖို့ အရင် စဉ်းစား ရပါတယ်၊ကျွန်တော်နဲ့ ဘဝတူ အက်စ်အမ်အီး လုပ်ငန်းရှင်အများစုဟာ စက်မှုဇုန်မြေနဲ့ အဆောက်အအုံတွေကို ပိုင်ဆိုင်မှု မရှိကြတာ များပါတယ်၊ ဥပဒေပေါ် ထွက်လာပြီး အမှန်တကယ် လုပ်ငန်းလုပ်တဲ့ သူတွေကသာ မြေပိုင်ဆိုင်ခွင့်ရှိ လာမယ်ဆိုရင်တော့ အဲဒီဥပဒေကို ကြိုဆိုပါတယ် " လို့ ပြောပါတယ်။
မြေအသုံးချခြင်း
စက်မှုဇုန်ဥပဒေကြမ်း အခန်း (၁၁) ပုဒ်မ ၃၅ အရ ဒေသဆိုင်ရာကော်မတီသည် စက်မှုမြေအား စက်မှုကုန်ထုတ်လုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ရန် ရင်းနှီးတည်ထောင်သူ သို့မဟုတ် ရင်းနှီးမြှပ်နှံသူ အား သတ်မှတ်ထားသည့် မြေငှားရမ်းခများကို ပေးသွင်းစေပြီး နှစ်၅၀ အထိ ခွင့်ပြုနိုင်သည်။ ယင်း သက်တမ်းကုန်ဆုံးပြီးနောက် ရင်းနှီးမြှုပ်နှံ သူက ဆက်လက်လုပ်ကိုင်လိုလျှင် တစ်ဆက်တည်း ၁၀ နှစ်သက်တမ်း နှစ်ကြိမ် အထိ တိုးမြှင့်ပေးနိုင်သည်လို့ ပါရှိ ပါတယ်။
ပုဒ်မ ၃၆ အရ စက်မှုဇုန်သတ်မှတ် ကြေညာခြင်းမပြုမီ စက်မှုဇုန် ထူထောင်ရန် လျာထားသောမြေပေါ်တွင် လူနေအိမ် များ၊ အဆောက်အအုံများ၊ လယ်ယာ ဥယျာဉ်ခြံ မြေများ၊ သီးပင်စားပင်များ၊ စိုက်ခင်းများ စသည်တို့ကို ပြောင်း ရွှေ့ရှင်းလင်းပေးရန်ရှိပါက ၄င်းတို့ကို ပြောင်းရွှေ့နေရာချထား ခြင်း၊ နစ်နာကြေး ပေးခြင်းနှင့် လျော်ကြေး ပေးခြင်းတို့ကို သက်ဆိုင်ရာ ပြည်ထောင်စုနယ်မြေ သို့မဟုတ် တိုင်းဒေသကြီး သို့ မဟုတ် ပြည်နယ်အစိုးရအဖွဲ့က တည်ဆဲဥပဒေများနှင့်အညီ ဖြေရှင်းဆောင်ရွက်ပေးရမည်လို့ ပါရှိတယ်။
ပုဒ်မ ၃၇ ပုဒ်မခွဲ (ဃ) အရ လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်ရန် ခွင့်ပြုထား သည့် ကာလအတွင်း အခြားသူ သို့မဟုတ် အခြားအဖွဲ့အစည်းများသို့ မြေငှားရမ်း ခြင်း ၊မြေအသုံး ပြုခွင့်နှင့် အဆောက် အအုံများကို ရောင်းချ ခြင်း၊ ပေါင်းနှံခြင်း၊ ငှားရမ်းခြင်း၊လဲလှယ်ခြင်း သို့မဟုတ် ပေးကမ်းခြင်း ပြုလုပ်လိုပါက သက်ဆိုင် ရာစီမံခန့်ခွဲရေးကော်မတီ၏ သဘောထား မှတ်ချက်နှင့်အတူ ဒေသဆိုင်ရာ ကော်မတီသို့ တင်ပြပြီး သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ရမည်လို့ ပါရှိတယ်။
Myanmar Gasket ထုတ်လုပ်ရေး လုပ်ငန်းကိုတည်ထောင်သူ ကိုဇင်မျိုးထိုက်ကလည်း “ကျွန်တော်တို့ လုပ်ငန်းစတင်တော့မယ်ဆိုရင် စက်မှုဇုန်မှာအခန်းရအောင်ရှာရတာပါပဲ၊ တောင်ဒဂုံ စက်မှုဇုန် (၃) ရဲ့ လမ်းမတန်းဘက်မှာ တိုက်ခန်းစငှား ပါတယ်၊ အပေါ်ထပ်မပါတဲ့ အခန်းကျဉ်း လေးကို တစ်လ ကျပ်လေး သိန်းနဲ့ ခြောက်လ စာချုပ်ရပါတယ်၊ ခြောက်လပြည့်သွား တော့ ဆက်မငှား နိုင်တော့ဘူး၊ ဒီ့ထက် ဈေးသက်သာတဲ့နေရာ ရှာတော့ လမ်းမတန်း မဟုတ်တဲ့ အတွင်းဘက်မှာ တစ်လသုံးသိန်း နဲ့ ငှားရတယ်၊ အခန်းကျဉ်းလေးထဲမှာ ဖြစ်သလို အလုပ်လုပ်ကြရတာပါ၊ စက်မှုဇုန်မှာ နေရာ တစ် နေရာရဖို့ အတော်ခက်ခဲပါတယ်”လို့ သူ့ရဲ့အတွေ့အကြုံကို ပြောပြပါတယ်။
သုံးစွဲနိုင်ခွင့်
စက်မှုဇုန်ဥပဒေကြမ်းဟာ အမှန်တကယ် လုပ်ငန်းမလုပ်ဘဲ စက်မှုဇုန်မြေ ပိုင် ဆိုင်ထားမှုကို တားဆီးထားတဲ့အတွက် အမှန်တကယ် လုပ်ငန်းလုပ်သူတွေသာ စက်မှု ဇုန်မြေတွေကို သုံးစွဲနိုင်ခွင့်ကို ဦးတည်ထားပါတယ်။ အဲဒါအပြင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး စီမံဆောင်ရွက်ခြင်းနဲ့ ပတ်သက်တဲ့ အချက်တွေကိုလည်း ထည့်သွင်းထား ပါတယ်။
ပတ်ဝန်းကျင် ထိန်းသိမ်းရေး
စက်မှုဇုန်ဥပဒေကြမ်း ပုဒ်မ ၄၀ အရ စက်မှုဇုန် တည်ထောင်ရာတွင်လည်းကောင်း၊ စက်မှုလုပ်ငန်းများ ဆောင် ရွက်ရာတွင်လည်းကောင်း၊ပတ်ဝန်းကျင်ထိန်း သိမ်းရေးဆိုင်ရာ ကိစ္စရပ်များကို ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဥပဒေ၊ အခြားတည်ဆဲ ဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်ရ မည်လို့ ပါရှိတယ်။
ပုဒ်မ ၄၁ အရ ရင်းနှီးတည်ဆောက်သူ က အသစ်တည်ထောင်မည့် စက်မှုဇုန်တွင် စက်မှုလုပ်ငန်းများမှ ထွက်ရှိသော စွန့်ပစ်ပစ္စည်းများ ထိန်းသိမ်းခြင်း၊သန့်စင်ခြင်းနှင့် ဘေးအန္တရာယ်ကင်းစွာ စွန့်ပစ်ခြင်းအတွက် စုပေါင်းအသုံးပြုနိုင်ရန် လိုအပ် သည့် နည်းစနစ်နှင့် တည်ဆောက်မှုများကို တစ်ပါတည်းထည့်သွင်း ဆောင်ရွက်ရမည်လို့ ပါရှိပါတယ်။
ပုဒ်မ ၄၂ အရ ရင်းနှီးမြှုပ်နှံသူသည် ပတ်ဝန်းကျင်ညစ်ညမ်းမှု ထိန်းချုပ်ရေး စီမံခန့်ခွဲ ခြင်း (Pollution Control Manage-ment) ၊ စွမ်းအင်စီမံခန့်ခွဲခြင်း (Energy Management) များအား သက်ဆိုင်ရာ ဝန်ကြီးဌာန များမှ ထုတ်ပြန်ထားသော လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင် ရွက် ရမည်လို့ ပါရှိတယ်။ ပုဒ်မ ၄၃ ကနေ ပုဒ်မ ၄၅ အထိ စွန့်ပစ်ပစ္စည်း စနစ်တကျ စွန့်ပစ်ဖို့အတွက် အဓိကပြဋ္ဌာန်းထား ပါ တယ်။ အဲဒါတွေက တော့ တည်ဆောက် ပြီး စက်မှုဇုန်တွေမှာ ဒေသဆိုင်ရာကော် မတီက ကြီးကြပ်ပြီး ပတ်ဝန်းကျင် ထိန်း သိမ်းရေးဆိုင်ရာ ကိစ္စရပ်တွေကို နှစ်အလိုက် စီမံကိန်းချမှတ်ပြီး ပြု ပြင်ပြောင်းလဲ ဆောင်ရွက်ဖို့ ၊ ရင်းနှီးမြှုပ်နှံသူတွေဟာ စက်မှုဇုန်အတွင်း စုပေါင်းစနစ် နဲ့ စွန်ပစ်ပစ္စည်း ထိန်းသိမ်းသန့်စင်ပြီး ဘေးအန္တ ရာယ်ကင်းရှင်းအောင် စွန့်ပစ်မှုအတွက် ကုန်ကျစရိတ်တွေကို စွန့်ပစ်ပစ္စည်းထွက် ရှိမှု ပမာဏအလိုက် စီမံခန့်ခွဲရေး ကော်မတီက သတ်မှတ်တဲ့ သင့်လျော်တဲ့ နှုန်းထား နဲ့ ကျခံဖို့နဲ့ စုပေါင်းစနစ်နဲ့ စွန့်ပစ်ပစ္စည်း ထိန်းသိမ်းပြီး ဘေးအန္တရာယ်ကင်းရှင်းအောင် စွန့်ပစ်မှုနည်းစနစ်ကို အသုံးပြု နိုင်တာမျိုးမရှိတဲ့ တည်ထောင်ပြီး စက်မှုဇုန်တွေမှာ ရင်းနှီးမြှုပ်နှံသူတွေက ကိုယ်ပိုင် အစီအစဉ်နဲ့ စွန့်ပစ်ပစ္စည်းထိန်းသိမ်းသန့် စင်ပြီး ဘေးအန္တရာယ်ကင်းရှင်းအောင် စွန့်ပစ်မှုစနစ်ကို တည်ဆောက်တပ်ဆင် အသုံးပြုဖို့တို့ကို ပြဋ္ဌာန်းထားတယ်။
တားမြစ်ချက်တွေ
အဲဒါအပြင် စက်မှုဇုန်ဥပဒေကြမ်း ပုဒ်မ ၅၉ မှာ ဘယ်သူမှစက်မှုဇုန်အတွင်းကျူးကျော်တာ၊ ခွင့်ပြုချက်မရှိဘဲ အဆောက်အအုံ ဆောက်လုပ်နေထိုင်တာကိုတားမြစ်ထားပြီး အဲသည်အချက်ကို ဖောက်ဖျက်လို့ ပြစ်မှုထင်ရှားစီရင်ခံရပါက သုံးနှစ်ထက်မပိုတဲ့ ထောင်ဒဏ်ချမှတ်ခံရ မည့်အပြင်ငွေဒဏ်ပါ ချမှတ်ခံရနိုင်တယ် လို့ ပြဋ္ဌာန်းထားတယ်။
ပုဒ်မ ၆၀ မှာလည်း စက်မှုဇုန်အတွင်း စွန့်ပစ်ပစ္စည်းတွေကို စနစ်တကျမရှိတဲ့နည်းလမ်းနဲ့ စွန့်ပစ်တာ၊ ရေဆိုးမြောင်းတွေ ကို ကျူးကျော်ပိတ်ဆို့တာ၊ ကုန်ကြမ်းနဲ့ လောင်စာတွေကို စနစ်တကျမရှိတဲ့ နည်းလမ်းနဲ့ထားသိုတာ၊ အများပိုင်လမ်းမတွေ ပေါ် ကျူးကျော်တာတွေကို တားမြစ်ထားသလို ပုဒ်မ ၆၁ နဲ့ ပုဒ်မ ၆၄ မှာလည်း စီမံ ခန့်ခွဲရေးကော်မတီက သတ်မှတ်တဲ့ ရန်ပုံ ငွေ ထည့်ဝင်ဖို့ ပျက်ကွက်တာ၊ မိမိပတ်ဝန်းကျင် သန့်ရှင်းရေးဆောင်ရွက်ဖို့ ပျက်ကွက်တာ၊ စက်မှုဇုန်နယ်နိမိတ်အတွင်း လုပ်ကိုင် ခွင့်ရ ရင်းနှီးမြှုပ်နှံသူရဲ့ အကျိုးစီးပွားနဲ့ စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေကို ပျက်စီးစေလိုတဲ့ ရည် ရွယ်ချက်နဲ့ နှောင့်ယှက်ဖျက်ဆီးတာတွေ ကိုလည်း တားမြစ်ထားပါတယ်။ အဲဒါတွေကို ဖောက်ဖျက်တယ်လို့ ပြစ်မှုထင်ရှားစီရင်ခံရပါက ပုဒ်မ ၆၉ အရ အနည်းဆုံး ကျပ် ငါးသိန်းကနေ အများဆုံး ကျပ် ၁၀ သိန်းအထိ ငွေဒဏ်ချမှတ်နိုင်တယ်လို့ ပြဋ္ဌာန်းထား ပါတယ်။
စက်မှုဇုန်ဥပဒေကြမ်း ပုဒ်မ ၆၂ မှာတော့ ဘယ်လိုရင်းနှီးမြှုပ်နှံသူမဆို ဇုန်အလိုက် ခွင့်ပြုထားတဲ့ လုပ်ငန်းတွေကလွဲလို့ အခြားစက်မှုလုပ်ငန်းတွေကိုလုပ်ကိုင်ခြင်း မပြုဖို့ တားမြစ်ထားသလို ပုဒ်မ ၆၃မှာ ဘယ်လိုရင်းနှီးမြှုပ်နှံသူမဆို ဘေးအန္တရာယ်ရှိတဲ့ စွန့်ပစ်ပစ္စည်းတွေကို စုပေါင်း စနစ်နဲ့ သန့်စင်စွန့်ပစ်တာမျိုးမရှိတဲ့ စက်မှုဇုန်တွေမှာ မိမိအစီအစဉ်နဲ့ သန့်စင်စွန့်ပစ်ဖို့ကို ပျက်ကွက်မှုမရှိစေဖို့နဲ့ အဲသည်တားမြစ်ချက်တွေကို ဖောက်ဖျက်တယ်လို့ ပြစ်မှုထင်ရှား စီရင်ခံရပါက ပုဒ်မ ၇၀ အရ ငွေဒဏ် ကျပ်သိန်း ၂၀ ချမှတ်ခံရမယ့်အပြင် ခြောက်လထက်မပိုသော ထောင်ဒဏ် လည်း ချမှတ်နိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။
စက်မှုဇုန်ဥပဒေကြမ်း ပုဒ်မ ၅၆ ကနေ ၅၈ အထိ ပြစ်ဒဏ်ချမှတ်ခြင်းနဲ့ အယူခံခြင်း ဖြစ်တယ်။ဘယ်သူမဆိုသည်ဥပဒေအရ သက်ဆိုင်ရာကော်မတီအသီးသီးက ထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ၊ အမိန့် ညွှန်ကြားချက်တစ်ရပ်ရပ်ကို လိုက်နာ ဆောင်ရွက်ဖို့ ပျက်ကွက်ပါက (က) စာနဲ့ သတိပေးတာ၊ (ခ) သတ်မှတ်ထားတဲ့ ဒဏ်ငွေပေးဆောင်စေတာ၊ (ဂ) လုပ်ငန်းကို ယာယီရပ်ဆိုင်းစေတာ စတဲ့ စီမံခန့်ခွဲရေးဆိုင်ရာ ပြစ်ဒဏ်တစ်ရပ်ရပ်ကို ချမှတ်နိုင်ပါတယ်။
ပြစ်ဒဏ်ချမှတ်တာခံရသူဟာ ပြစ်ဒဏ်ကို ကျေနပ်မှုမရှိပါက အဲသည်အမိန့် ချမှတ်ထားတဲ့နေ့ကနေ ရက်ပေါင်း ၃၀ အတွင်း ဒေသဆိုင်ရာကော်မတီဆီကို အယူခံဝင်ရောက်နိုင်ပါတယ်။ ဒေသဆိုင်ရာ ကော်မတီရဲ့အဆုံးအဖြတ်ဟာ အပြီးအပြတ် ဖြစ်စေရမယ်လို့ ပြဋ္ဌာန်းပါရှိပါတယ်။
Credit: The Kumudra