ပြည်ပ အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
တရုတ်ပြည် အရှေ့မြောက်ပိုင်း၊ လျောင်နင်းပြည်နယ်၊ တဝါခရိုင်၏ ရေတိမ်ရေပြင်၊ စိမ့်မြေပေါ်တွင် ပေါက်ရောက်နေသည့် မျက်စေ့တဆုံး ရှုမဆုံးသည့် ကြက်သွေးရောင် ရဲရဲနီနေသော မြက်ခင်းလွင်ပြင်ကြီးမှာ အံ့သြဖွယ်အတိပြီးကာ ကမ္ဘာကျော်သည့် နေရာတစ်ခု ဖြစ်သည်။
ထိုနေရာသည် ကမ္ဘာ့အကြီးမားဆုံး စိမ့်မြေကြီးလည်း ဖြစ်၏။
အပြောကျယ်ကာ အလွန်ညှို့ယူဖမ်းစားနိုင်စွမ်းရှိသည့် နီစွေးသော မြင်ကွင်းကျယ်အလှတရားသည် အင်္ဂါဂြိုဟ်တွင် ရောက်နေဟန်ထင်ရသည်။
အိပ်မက်ဆန်လှသည့် အလှတရားဟု ဆိုနိုင်သော်လည်း ဤအနီရောင်မြက်တို့သည် တရုတ်ပြည်၏ မူလဘူတအစစ်များ ဖြစ်ကြ၏။
အဆိုပါမြက်ပင်မျိုးသည် ချီနိုပိုဒီယမ်ဟုခေါ်သော မျိုးစိတ်တစ်မျိုးဖြစ်သည်။
အဆိုပါမျိုးစိတ်သည် အယ်လ်ကာလိုင်းဆန်သော မြေများတွင် ပေါက်ရောက်နိုင်သည့်မျိုးစိတ်ဖြစ်သည်။
ငှက်မျိုးစိတ်ပေါင်း ၂၆၀ ကျော် နေထိုင်ကျက်စားလျက်ရှိပြီး အခြားသက်ရှိမျိုးစိတ်ပေါင်း ၄၀၀ ခန့်လည်း ကျက်စားလျက်ရှိသည်။
ဤဒေသတစ်ခွင်ကို ကြိုးကြာတို့၏မြေဟုလည်း လူသိများသည်။
ကမ္ဘာပေါ်တွင် အရှားပါးဆုံးကြိုးကြာမျိုးစိတ်ဖြစ်သော ခေါင်းနီကြိုးကြာတို့ကို တွေ့ရခြင်းကြောင့် ဖြစ်သည်။
ကြိုးကြာသည် ကံကောင်းခြင်း၊အသက်ရှည်ခြင်း၊ သစ္စာရှိခြင်းတို့၏ သင်္ကေတအဖြစ် လူသိများသည်။
ဤစိမ့်မြေကြီးသည် တရုတ်အစိုးရက အကာအကွယ်ပေးထားသည့် နေရာတစ်ခုလည်း ဖြစ်၏။
ကမ္ဘာလှည့်ခရီးသည်တို့သည် စိမ့်မြေကျယ်ကြီး၏ မျက်စေ့တဆုံး နီစွေးစွေး မြက်ခင်းပြင်ကျယ်ကြီးအကြား ဖောက်လုပ်ထားသော သစ်သားတံတား၊ လူလျှောက်လမ်းမှတဆင့် ရှားပါးလှသော သဘာဝအလှကို ခံစားနိုင်ရန် စီစဉ်ထားသည်။
နွေကာလတွင် အပင်တို့၏အရောင်မှာ အစိမ်းရောင်ဖြစ်ပြီး ဆောင်းဦးပေါက်သို့ ရောက်လာပါက နီစွေးစွေးအရောင်သို့ ပြောင်းလဲသွားပြီး နောက်ဆုံးတွင် ခရမ်းရောင်ဖြစ်သွားသည်။
ဆောင်းကာလအတွင်းတွင်ပင် အပင်တို့သေဆုံးသွားပြီး နွေဦးတွင် အသစ်တဖန် ပြန်ပေါက်လာသည်။
နှစ်စဉ်နှစ်တိုင်း ဤဒေသ၏ မယုံနိုင်ဖွယ်အလှက ကမ္ဘာလှည့်ခရီးသည်များစွာကို ဆွဲဆောင်ထားနိုင်လေ့ရှိသည်။
လျောင်နင်းပြည်နယ်၊ ပန်ကျင်းမြို့ပြင်တွင် တည်ရှိပြီး အကျယ်အဝန်းအားဖြင့် စတုရန်းမိုင် ၅၁ မိုင်ခန့်ရှိသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)