ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
ပြင်သစ်နိုင်ငံ ၊ ပဲရစ်မြို့ပြင် ဆင်ခြေဖုံးဒေသတွင် တည်ရှိပြီး ရာစုနှစ်တစ်ခုခန့် သက်တမ်းရှိခဲ့ပြီဖြစ်ကာ ဗြိတိန်တော်ဝင်မိသားစု၊ အမေရိကန်မှ ဟောလိဝုဒ်ရုပ်ရှင်လောကတို့နှင့် ဆက်နွှယ်မှုများရှိနေသည့် စံအိမ်ကြီးတစ်လုံးမှာ ပိုင်ရှင်သစ်ရှာဖွေလာနေသည်။
“ လေ မူးလန်း ဒရာ ထီးရာရိ” (Le Moulin de la Tuilerie) ဟု စံအိမ်ကို အမည်ပေးထားပြီး ထီးရာရိ၏ စက်ရုံဟု အဓိပ္ပာယ်ရသော အဆိုပါ စံအိမ်သည် ယခုရက်သတ္တပတ်အစောပိုင်းတွင် အရောင်းဈေးကွက်သို့ ဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်။
ခေါ်ဈေးမှာ ယူရို ၆ ဒသမ ၅ သန်း ( ကန်ဒေါ်လာ ၇ ဒသမ ၂၇ သန်း) ဖြစ်သည်။
ယခင် ၁၈ ရာစုအတွင်းက ဂျုံကြိတ်စက်အဖြစ် စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ၂၆ ဧက ကျယ်ဝန်းကာ ဝင်ဆာမြို့စားနှင့် မြို့စားကတော် (အက်ဝပ်ဘုရင်-ဟောင်းနှင့် ကြင်ယာတော် ဝေါလစ် ဆင်ပ်ဆင်) တို့၏ စံအိမ်ဖြစ်ကြောင်း အရောင်းဈေးကွက်တင်ခဲ့သည့် Vingt Paris ကုမ္ပဏီ၏ ဈေးကွက်တင် အချက်အလက်များတွင် ဖော်ပြသည်။
အက်ဒဝပ်ဘုရင်တို့ ဇနီးမောင်နှံသည် အဆိုပါစံအိမ်ကို ၁၉၅၂ ခုနှစ်တွင် ဝယ်ယူခဲ့ခြင်းဖြစ်သည်။
အိမ်ထောင် နှစ်ဆက်ရှိခဲ့သော အမေရိကန်သူ မစ္စက် ဆင်ပ်ဆင်ကို လက်ထပ်ရန်အတွက် ဗြိတိန်ထီးနန်းကို စွန့်လွှတ်ခဲ့ပြီး ၁၆ နှစ်အကြာတွင် ယခုစံအိမ်ကို ဝယ်ယူခဲ့ခြင်းလည်း ဖြစ်သည်။
အက်ဒဝပ်ဘုရင် မတိုင်မီက အဆိုပါစံအိမ်ကို ပိုင်ဆိုင်ခဲ့သည်မှာ ပြင်သစ် ဖက်ရှင်ဒီဇိုင်နာ၊ ပန်းချီဆရာ အက်ဒရီယန် အက်ချိန်က ပိုင်ဆိုင်ခဲ့သည်။
အက်ဒရီယန် အက်ချိန်သည် အဆိုပါစံအိမ်တွင် ပီကာဆို အပါအဝင် ကမ္ဘာကျော် ပန်းချီပညာရှင်များကို ဧည့်ဝတ်ပြုခဲ့ဖူးသည်။
အက်ဒ်ဝပ်ဘုရင်က အက်ဒရီယန် အက်ချိန်ထံမှ ပြန်လည်ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
နေအိမ်ဝယ်ယူပြီးနောက် အင်ဒ်ဝပ်ဘုရင်သည် အိမ်တွင်းဒီဇိုင်နာ စတက်ဖန်း ဘူးဒွန်ကို ငှားရမ်းကာ ပြုပြင်မွမ်းမံမှုများ ပြုလုပ်ခဲ့သည်။
စတက်ဖန်း ဘူးဒွန်သည် အမေရိကန်သမ္မတ ကနေဒီမိသားစုအတွက် အိမ်ဖြူတော်ကို မွမ်းမံခြင်း၊ အသံတိတ်ရုပ်ရှင်ခေတ် ရုပ်ရှင်မင်းသမီး၊ အဆိုတော် မာလင်း ဒိုင်းထရစ်ခ်ျ၊ အဲလစ်ဇဘက်တေလာ၊ ရစ်ချတ်ဘာတန်၊ အော်စကာဆုရ ဖက်ရှင်ဒီဇိုင်နာ စီဆေးလ် ဘီတန်တို့၏ နေအိမ်များကိုလည်း ပြုပြင်မွမ်းမံမှုများ ပြုလုပ်ပေးခဲ့ဖူးသူ ဖြစ်သည်။
ဒေသတွင်းထွက် ပျားရည်ရောင် ထုံးကျောက်ဖြင့် ဆောက်လုပ်ထားပြီး ခြံဝန်းကျယ်ကြီးအတွင်း အဆောက်အအုံ ၆ လုံး၊ ပွဲလမ်းများ ကျင်းပရန် ကျယ်ဝန်းသည့်နေရာ၊ မြေယာအလှပြင်ဆင် မွမ်းမံမှုများ၊ ပိုလိုကစားကွင်းတို့ ပါဝင်သည်။
စုစုပေါင်းအားဖြင့် စံအိမ်ကြီးအတွင်း အိပ်ခန်းပေါင်း ၁၈ ခန်း ပါဝင်ပြီး ဧည့်သည်ပေါင်း ၃၆ ဦး ဧည့်ခံနိုင်စွမ်းရှိသည်။
“ဒီစံအိမ်က တကယ့်ကို မယုံနိုင်လောက်အောင် စိတ်ကူးယဉ်ဆန်တဲ့ နေရာပါ။ ပဲရစ်မြို့ကနေ မိနစ် ၃၀ ခရီးသာ ဝေးကွာပါတယ်။ အက်ဒ်ဝပ်ဘုရင်တို့ စုံတွဲဟာ ဗြိတိန်ကနေ ခရီးထွက်ချိန်မျိုးမှာ အပန်းဖြေခဲ့တဲ့ နေရာတစ်ခု ဖြစ်ပါတယ်”ဟု Vingt Paris တည်ထောင်သူ ဆူဇီ ဟော်လန်က ပြောကြားသည်။
အက်ဒ်ဝပ်ဘုရင် ကွယ်လွန်ပြီးနောက်ပိုင်း မစ္စ ဆင်ပ်ဆင်က အဆိုပါ စံအိမ်ကို ၁၉၇၂ ခုနှစ်တွင် ပြန်လည်ရောင်းချသွားခဲ့သည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)