ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
အာရှသည် လူနေအိမ်ခြံမြေဝယ်ယူရန် ဈေးအကြီးဆုံးဈေးကွက် ၃ ခုတည်ရှိရာနယ်မြေကြီးအဖြစ် နောက်ထပ်တစ်နှစ်ထပ်မံရပ်တည်လိုက်ပြန်ပြီဖြစ်ကြောင်း CBRE အိမ်ခြံမြေအတိုင်ပင်ကုမ္ပဏီက အစီရင်ခံခဲ့သည်။
ဟောင်ကောင်သည် ကမ္ဘာ့ဈေးအကြီးဆုံးလူနေအိမ်ခြံမြေဈေးကွက်ဖြစ်ကြောင်း CBRE ၏ ပဉ္စမအကြိမ်မြောက် Global Living နှစ်ပတ်လည်အစီရင်ခံစာအရ သိရသည်။
ပျမ်းမျှအိမ်ဈေး အမေရိကန်ဒေါ်လာ ၁ ဒသမ ၂၃၅ သန်းရှိသည့် ဟောင်ကောင်သည် စင်္ကာပူထက် အိမ်ဈေးအနည်းငယ်ပိုကြီးသည်။ စင်္ကာပူက ကမ္ဘာ့ဒုတိယဈေးအကြီးဆုံးလူနေအိမ်ခြံမြေဈေးကွက်အဖြစ် ဖော်ပြခံခဲ့ရသည်။ စင်္ကာပူရှိ ပျမ်းမျှအိမ်ဈေးမှာ အမေရိကန်ဒေါ်လာ ၈၇၄,၃၇၂ ဒေါ်လာ ဖြစ်သည်။ ၎င်းစာရင်းတွင် တတိယဈေးအကြီးဆုံးလူနေအိမ်ခြံမြေဈေးကွက်အဖြစ်ဖော်ပြခံရသည့် ရှန်ဟိုင်း၌ ပျမ်းမျှအိမ်ဈေးမှာ အမေရိကန်ဒေါ်လာ ၈၇၂,၅၅၅ ဒေါ်လာ ဖြစ်သည်။
စိတ်ဝင်စားဖွယ်အချက်မှာ ထိုသုံးမြို့စလုံးတွင် ပြီးခဲ့သည့်နှစ်အတွင်း အိမ်ခြံမြေဈေးကွက်တည်ငြိမ်စေရေးစီမံချက်များ တိုးမြှင့်ကြပ်မတ်ခဲ့ခြင်းဖြစ်သည်။
ဗန်ကူးဗားက ပျမ်းမျှအိမ်ဈေး အမေရိကန်ဒေါ်လာ ၈၁၅,၃၂၂ ဒေါ်လာဖြင့် စတုတ္ထဈေးအကြီးဆုံးဖြစ်ခဲ့ပြီး ရှင်းကျန်းက အမေရိကန်ဒေါ်လာ ၆၈၀,၂၈၃ ဒေါ်လာဖြင့် ပဉ္စမဈေးအကြီးဆုံးဖြစ်သည်။
Global Living နှစ်ပတ်လည်အစီရင်ခံစာက ကမ္ဘာ့အဓိကမြို့ကြီး ၃၅ မြို့၏ အိမ်ခြံမြေဈေးကွက်များကို လေ့လာဆန်းစစ်ခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့်အစီရင်ခံစာကမူ ၂၉ မြို့ကို ဆန်းစစ်ခဲ့ခြင်းဖြစ်သည်။
“ကျွန်မတို့လေ့လာခဲ့တဲ့ ၃၅ မြို့မှာ ၃၀ က အိမ်ဈေးတွေ အရင်နှစ်ထက်ပိုထက်လာတာကို တွေ့ရပါတယ်။ ဒါပေမဲ့လည် တက်နှုန်းကတော့ ယေဘုယျအားဖြင့် အရင်နှုန်းအောက်နည်းနည်းလျော့ပါတယ်။” ဟု CBRE UK ၏ လူနေအိမ်ခြံမြေသုတေသနခေါင်းဆောင် ဂျနတ်ဆီဘရစ်က ပြောကြားခဲ့သည်။
“အာရှပစိတ်ဖိတ်ဒေသမှာ အိမ်ခြံမြေဈေးကွက်တည်ငြိမ်စေရေးစီမံချက်တွေ ပိုများလာမယ်လို့ ကျွန်မတို့ခန့်မှန်းရပါတယ်” ဟုလည်း သူမက ပြောကြားခဲ့သေးသည်။
CBRE Global Living အစီရင်ခံစာအရ ကမ္ဘာ့ဈေးအကြီးဆုံးလူနေအိမ်ခြံမြေဈေးကွက် ၁၀ ခုမှာ -
၁။ ဟောင်ကောင်
၂။ စင်္ကာပူ
၃။ ရှန်ဟိုင်း
၎။ ဗန်ကူးဗား
၅။ ရှင်းကျန်း
၆။ လော့စ်အိန်ဂျလိစ်
၇။ နယူးယောက်
၈။ လန်ဒန်
၉။ ပေကျင်း
၁၀။ ပဲရစ် တို့ဖြစ်ကြကြောင်း သိရသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)