ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
တပ်မတော်၏ မြန်မာ့ စီးပွားရေးဦးပိုင်လီမိတက်ပိုင်ဆိုင် သည့် မြေနေရာ ၅၄ ဧကတွင် ကန်ဒေါ်လာသန်း ၃၀၀ ခန့်အသုံးပြု၍ ဆိပ်ကမ်းလုပ်ကိုင်ခွင့်ကို အိန္ဒိယကုမ္ပဏီထံ ခွင့်ပြုပေးခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ထုတ်ပြန်ကြေညာသည်။
အိန္ဒိယကုမ္ပဏီ Adani သည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် စင်ကာပူနိုင်ငံမှတစ်ဆင့် ၀င်ရောက်ခြင်းဖြစ်ပြီး လုပ်ကိုင်ခွင့်သက်တမ်း နှစ် ၅၀ ဖြစ်သည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်မြစန္ဒာက ပြောသည်။
‘‘ အဓိကအော်ပရေတာလုပ်မယ်။ Adani က အိန္ဒိယနိုင်ငံမှာ လည်း နာမည်ကြီးပဲ။ အခုက လုပ်ငန်းတည်ဆောက်ရေးကာလ အတွက် လပေါင်း ၃၀ သတ်မှတ် ထားတယ် " ဟု ၎င်းကဆိုသည်။
အဆိုပါ ဆိပ်ကမ်းသည် အလုံမြို့နယ်တွင်တည်ရှိပြီး BOT စနစ်(တည်ဆောက်၊ လည်ပတ်၊ လွှဲပြောင်းစနစ်)ဖြင့် လုပ်ကိုင်ခွင့်ရရှိခြင်း ဖြစ်သည်။ ဆိပ်ကမ်းတည် ဆောက်ရေး၊ လည်ပတ်ခြင်းနှင့် ထိန်းသိမ်းခြင်း ပါဝင်မည်ဖြစ်ပြီး ကွန်တိန်နာကွင်းလည်း ပါဝင်မည်ဟု ဆိုသည်။ အဆိုပါ ကုမ္ပဏီသည် ဥပဒေအရ အခွန်ကင်း လွတ်ခွင့် သုံးနှစ်ရရှိမည်ဟု ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ဆိုထားသည်။
အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံ၌ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာသန်း ၂၂၀ ကျော်ဖိုး အများဆုံး ရင်းနှီးမြှုပ်နှံထားသည်။ ယခုရင်းနှီးမြှုပ်နှံမှုသည် ၂၀၁၁ နောက်ပိုင်းကစတင်ပြီး မြန်မာနိုင်ငံတွင် အိန္ဒိယနိုင်ငံက ပမာဏအများဆုံး ရင်းနှီးမြှုပ်နှံမှုဖြစ်သည်။
မြန်မာနိုင်ငံတွင် လက်ရှိအ ချိန်၌ ကန်ဒေါ်လာသန်း ၇၀၀ ဖိုး အိန္ဒိယကရင်းနှီးမြှုပ်နှံထားသည်။
Adani ကုမ္ပဏီအုပ်စုသည် အိန္ဒိယ၏ ကုမ္ပဏီကြီးတစ်ခုဖြစ် ပြီး ၁၉၈၈ တွင် စတင်တည် ထောင်ခဲ့သည်။ Adani တွင် လုပ်ငန်းခွဲများစွာရှိပြီး ကုန်စည်ရောင်း ၀ယ်ကုန်သွယ်ခြင်းသည် ကုမ္ပဏီ၏ အဓိကစီးပွားရေးလုပ်ငန်းဖြစ်သည်။
Credit: 7Daydaily