ပြည်ပ အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
မြန်မာဟိုတယ်များတွင် ၁၉၉၀ ခုနှစ်မှစတင်ကာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် ဒေါ်လာ ၄ ဒသမ ၄ ဘီလျံ ရှိပြီဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ မကြာသေးမီကထုတ်ပြန်ခဲ့သောအချက်အလက်များအား မြန်မာ့အိမ်ခြံမြေကဏ္ဍ၏ ထိပ်တန်းသုတေသနရင်းမြစ်ဖြစ်သော Myanmar Real Estate & Construction Monitor ၏ ဆန်းစစ်လေ့လာချက်အရ သိရသည်။
ထိုဝန်ကြီးဌာနသည် ၁၉၉၀ ခုနှစ်မှစတင်ကာ မတ်လအထိ စုစုပေါင်း အခန်းပေါင်း ၁၃,၀၀၀ ဝန်းကျင်ရှိသော နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ၏ဟိုတယ်ပေါင်း ၆၈ လုံးအတွက် ခွင့်ပြုချက်များ ချထားပေးခဲ့ပြီးဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက Myanmar Real Estate & Construction Monitor သို့ ပြောကြားခဲ့သည်။
ဒေါ်လာ သန်း ၆၀၀ သို့မဟုတ် ဟိုတယ်များတွင် စုစုပေါင်းနိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၏ ၁၃ ဒသမ ၆ ရာခိုင်နှုန်းသည် ၂၀၁၇ ခုနှစ် ဒီဇင်ဘာမှစတင်ကာ ဝင်ရောက်လာခဲ့ခြင်းဖြစ်ဖွယ်ရှိကာ ယင်းက ရင်းနှီးမြှုမှုစီးဝင်မှုသည် မကြာသေးမီကမှ တစ်ဟုန်ထိုးများပြားလာခြင်းဖြစ်ကြောင်း ညွှန်ပြနေသည်။
ဟိုတယ်ရင်းနှီးမြှုပ်နှံမှုတွင် အခြားအရှေ့တောင်နှင့် အရှေ့အာရှနိုင်ငံများမှ အားကောင်းစွာစီးဝင်လာမှုများကို တွေ့မြင်လာရသည်။ အထူးသဖြင့် စင်္ကာပူ၊ ထိုင်း၊ ဗီယက်နမ်၊ ဂျပန်၊ ဟောင်ကောင်နှင့် ကိုရီးယားတို့မှ ဖြစ်ကြောင်း သိရသည်။
စင်္ကာပူသည် ကာလအတန်ကြာကတည်းက စိတ်ဝင်စားမှုအများဆုံးပြသလာခဲ့ပြီး ဟိုတယ်လုပ်ငန်းကဏ္ဍတွင် ၎င်း၏ ရင်းနှီးမြှုပ်နှံမှုဝေစုသည် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုအားလုံး၏ ၆၀ ရာခိုင်နှုန်းခန့်ရှိသည်။ နိုင်ငံများနှင့် ၎င်းတို့၏ရင်းနှီးမြှုပ်နှံမှုများမှာ အောက်ပါအတိုင်းဖြစ်သည်။
* စင်္ကာပူ - ဟိုတယ် ၃၄ ခုအတွက် ဒေါ်လာ ၂ ဒသမ ၈ ဘီလျံ
* ထိုင်း - ဟိုတယ် ၁၃ ခုအတွက် ဒေါ်လာ ၄၉၈ သန်း
* ဗီယက်နမ် - ဟိုတယ် ၁ ခုအတွက် ဒေါ်လာ သန်း ၄၄၀
* ဂျပန် - ဟိုတယ် ၆ ခုအတွက် ဒေါ်လာ ၃၉၄ သန်း
* ဟောင်ကောင် - ဟိုတယ် ၅ ခုအတွက် ဒေါ်လာ ၁၈၈ သန်း
* တောင်ကိုရီးယား - ဟိုတယ် ၁ ခုအတွက် ဒေါ်လာ သန်း ၁၀၀
* မလေးရှား - ဟိုတယ် ၃ ခုအတွက် ဒေါ်လာ ၂၃ သန်း
* ယူကေ - ဟိုတယ် ၃ ခုအတွက် ဒေါ်လာ ၁၄ ဒသမ ၅ သန်း
* လူဇင်ဘတ် - ဟိုတယ် ၁ ခုအတွက် ဒေါ်လာ ၆ ဒသမ ၇ သန်း
* ဆွစ်ဇာလန် - ဟိုတယ် ၁ ခုအတွက် ဒေါ်လာ ၀ ဒသမ ၃ သန်း
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် ဒီဇင်ဘာအထိ မြန်မာနိုင်ငံတစ်ဝန်း အခန်းပေါင်း ၆၈၁၆၇ ခန်းရှိသော ပြည်တွင်း developer များ၏ ဟိုတယ်များနှင့် မိုတယ်များ စုစုပေါင်း ၁၇၀၄ ခုသို့ လုပ်ငန်းလိုင်စင်များ ချထားပေးခဲ့ကြောင်းလည်း ထိုတာဝန်ရှိသူက ပြောကြားခဲ့သည်။ နောက်ဆုံးပေါ်ကိန်းဂဏန်းအချက်အလက်များအား ဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်တွင် မကြာမီဖော်ပြပေးသွားမည်ဖြစ်ကြောင်းလည်း သူက ဖြည့်စွက်ပြောကြားခဲ့သည်။
၂၀၁၇ ခုနှစ် ဒီဇင်ဘာကတည်းက လုပ်ငန်းလိုင်စင်ရရှိသည့် ဟိုတယ်အရေအတွက်သည် ၆ ရာခိုင်နှုန်းဝန်းကျင် တိုးလာခဲ့ကြောင်း Myanmar Real Estate & Construction Monitor က မှတ်ချက်ပြုခဲ့သည်။
အဓိကအားဖြင့် အောက်ပါခရီးသွားအချက်အချာနေရာများတွင် ဟိုတယ်များအား ခွင့်ပြုခဲ့သည်။
* ရန်ကုန်တွင် စုစုပေါင်းအခန်း ၂၁၁၄၇ ခန်းရှိ ဟိုတယ် ၄၀၄ ခု
* မန္တလေးတွင် စုစုပေါင်းအခန်း ၉၀၇၃ ခန်းရှိ ဟိုတယ် ၂၁၉ ခု
* တောင်ကြီးနှင့်အင်းလေးတွင် စုစုပေါင်းအခန်း ၄၆၀၆ ခန်းရှိ ဟိုတယ် ၁၄၅ ခု
* ပုဂံနှင့် ညောင်ဦးတွင် စုစုပေါင်းအခန်း ၃၀၁၉ ခန်းရှိ ဟိုတယ် ၈၅ ခု
၁၉၈၈ ခုနှစ်မှ မတ်လအထိ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဝန်ဆောင်မှုများတွင် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုများသည် ဒေါ်လာ ၇၇၈ သန်းအထိ ရှိခဲ့သည်။ ယင်းသည် ထိုကာလအတွင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) မှ ခွင့်ပြုပေးခဲ့သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၃ ဒသမ ၁ ဘီလျံနီးပါးအောက် သိသိသာသာလျော့နည်းသည်။
မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံသူများသည် ၂၀၁၈ ခုနှစ်တွင် အိမ်ခြံမြေနှင့် ခရီးသွားလုပ်ငန်းတို့သို့ ရင်းနှီးမြှုပ်နှံရမည့်အစား မျက်နှာလွှဲခဲ့ကြကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများဦးစီးဌာန (DICA) မှ ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။
အိမ်ခြံမြေ တွင် ပြည်တွင်းရင်းနှီးမြှုပ်နှံမှုအတွက် ခွင့်ပြုချက်များနှင့်ပတ်သက်လျှင် ၂၀၁၇ က စံချိန်တင်နှစ်တစ်နှစ်ဖြစ်ခဲ့သော်လည်း ၂၀၁၈ ၌မူ စုစုပေါင်း ဒေါ်လာ ၂၈ သန်းတန် စီမံကိန်း ၈ ခုသာ ရှိခဲ့သည်။ ၂၀၁၇ ခုနှစ်တွင်မူ စုစုပေါင်း ဒေါ်လာ ၄၇၁ သန်းတန် စီမံကိန်း ၁၀ ခု စံချိန်တင်ရှိခဲ့သည်။
အိမ်ခြံမြေ ကဏ္ဍ၏ မကြာသေးမီက အခြေအနေမကောင်းခြင်းသည် ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များမှ အိမ်ခြံမြေဖော်ဆောင်မှုများတွင် စိတ်ဝင်စားမှုနည်းခဲ့ခြင်းကြောင့် ဖြစ်နိုင်ပေသည်။ သို့သော်လည်း ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍသည် အထူးသဖြင့် မကြာသေးမီနှစ်များအတွင်း ဟိုတယ်များအတွက် ဈေးကွက်ခိုင်မာလာချိန်တွင် သိသိသာသာမြင့်တက်မှုကို မြင်တွေ့ခဲ့ရသည်။
၂၀၁၈ ခုနှစ်တွင် စုစုပေါင်း ဒေါ်လာ ၈၃ သန်းတန် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းစီမံကိန်းပေါင်း ၄၃ ခုကို ခွင့်ပြုပေးခဲ့သည်။
လစ်ဘရယ်စီးပွားရေးပြီးနောက် ကနဦးကာလဖြစ်သော ၂၀၁၁ - ၁၂ တွင် မြန်မာနိုင်ငံသည် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် စိတ်ဝင်စားမှုတို့သည် တစ်ဟုန်ထိုးမြင်တက်မှုနှင့်ကြုံတွေ့ခဲ့ရသည်။ ပြည်ပခရီးသွားဧည့်သည့်ဦးရေသည်လည်း အပြိုင်တိုးတက်ခဲ့ကြောင်း သိရသည်။
ထို့နောက် Accor၊ Hilton၊ Best Western၊ Shangri La နှင့် Dusit International စသည့် နိုင်ငံတကာဟိုတယ်လုပ်ငန်းကြီးများစွာက ဈေးကွက်ထဲသို့ ဝင်ရောက်လာကြသည်။
နောက်မကြာမီတွင် Mai-BS Hospitality လုပ်ငန်းစု၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ဘန်ကောက်တွင် အခြေစိုက်သည့် Anadacura Hotels and Resorts က ရှမ်းပြည်နယ်၏ နာမည်ကျော်တောင်ကြီးမြို့နယ်တွင် ဟိုတယ်တစ်လုံးဖွင့်လှစ်ရန် ပြည်တွင်းခရီးသွားအေဂျင်စီတစ်ခုနှင့် သဘောတူစာချုပ်တစ်ရပ် လက်မှတ်ရေးထိုးခဲ့သည်။
အထူးသဖြင့် အဆင့်မြင့်ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဈေးကွက်တွင် အနာဂတ်လုပ်ငန်းပမာဏသည် အတော်အတန်ကြီးမားမည့်လက္ခဏာပင်ဖြစ်သည်။
Emerging Towns & Cities Singapore က ၎င်း၏ ဘက်စုံစီမံကိန်းကြီးဖြစ်သော Golden City ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် အခန်းပေါင်း ၃၀၀ ပါဝင်သော ကြယ်ငါးပွင့်အဆင့်ဟိုတယ်တစ်ခုကို စီစဉ်လျက်ရှိပြီး ဂျပန်ဆောက်လုပ်ရေးကုမ္ပဏီ Taisei ကလည်း Yoma Central ဘက်စုံစီမံကိန်းကြီး၏ ၉၂ ခန်းပါ ဇိမ်ခံဟိုတယ်အစိတ်အပိုင်းဖြစ်သော Peninsula ဟိုတယ်ကို တည်ဆောက်လျက်ရှိသည်။
မကြာသေးမီကပြီးစီးသွားသည့်အဆောက်အအုံများအနက် အထင်ကရများတွင် HAGL Myanmar Centre ရှိ အခန်း ၄၃၀ ပါဝင်သော Melia ဟိုတယ်ပါဝင်ကာ တောင်ကိုရီးယားဟိုတယ်လုပ်ငန်းကြီးဖြစ်သော Lotte က Daeweoo Amara နှင့် သဘောတူညီမှုတစ်ခုအရ ၃၄၃ ခန်းပါဝင်သည့် Lotte ဟိုတယ်ကို စီမံလျက်ရှိသည်။
ထို့အပြင် ဟိုတယ်များအတွက် အဆင့်သတ်မှတ်မှုစနစ်တစ်ခုကို စီစဉ်လျက်ရှိကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးဦးနိုင်ဝင်းက မီဒီယာများသို့ မတ်တွင် ပြောကြားခဲ့သည်။ ထိုစနစ်ကို ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့က အတည်ပြုထောက်ခံချက်ပေးမည်ဖြစ်ပြီး ဒေသတွင်းအဆင့် ကြယ်ပွင့်စနစ်တစ်ခုကို အခြေခံမည်ဖြစ်ကြောင်း သိရသည်။
၎င်းစနစ်သည် ဟိုတယ်လုပ်ငန်းများအား သူတို့၏ဝန်ဆောင်မှုများနှင့် အင်္ဂါရပ်သွင်ပြင်များအား ပိုမိုကောင်းမွန်အောင်ဆောင်ရွက်စေရန် မက်လုံးပေးသည့်သဘောသာမက မြန်မာ့ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကဏ္ဍအား နိုင်ငံတကာကြယ်ပွင့်အဆင့်စံချိန်စံညွှန်းများနှင့် ချိန်ညှိရန် ဖြစ်ကြောင်း သိရသည်။
Credit: Myanmar Real Estate