ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
မြန်မာ့အိမ်ခြံမြေ ကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုက ပြည်တွင်းရင်းနှီးမြှုပ်နှံမှုထက် သိသိသာသာပိုများကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများဦးစီးဌာန (DICA) မှထုတ်ပြန်သောအချက်အလက်များအား မြန်မာ့အိမ်ခြံမြေကဏ္ဍ၏ ထိပ်တန်းသုတေသနရင်းမြစ်ဖြစ်သော Myanmar Real Estate & Construction Monitor ၏ ဆန်းစစ်လေ့လာချက်အရ သိရသည်။
မြန်မာ့ အိမ်ခြံမြေ တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအတွက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ၏ ခွင့်ပြုချက်များသည် မြန်မာနိုင်ငံသားများအတွက် ခွင့်ပြုချက်ချပေးသော ရင်းနှီးမြှုပ်နှံမှုပမာဏကို သေးနုပ်သွားစေကြောင်း သိရသည်။
ယင်းသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို အနည်းငယ်သာခွင့်ပြုပေးသည့် အခြားအာရှဈေးကွက်အများအပြားနှင့် ကွာခြားကြောင်းလည်း မြန်မာ့အိမ်ခြံမြေကဏ္ဍ၏ ထိပ်တန်းသုတေသနရင်းမြစ်ဖြစ်သော Myanmar Real Estate & Construction Monitor က မှတ်ချက်ပြုခဲ့သည်။
MIC က ၁၉၈၈ ခုနှစ်မှ မတ်လအထိ ခွင့်ပြုပေးခဲ့သည့် အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံမှုများတွင် ပြည်တွင်းရင်းနှီးမြှုပ်နှံမှုအား ဒေါ်လာ ၁ ဒသမ ၂ ဘီလျံ ခွင့်ပြုပေးခဲ့ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအား ဒေါ်လာ ၅ ဒသမ ၃ ဘီလျံ ခွင့်ပြုပေးခဲ့ပြီးဖြစ်သည်။
၎င်းပြည်တွင်းရင်းနှီးမြှုပ်နှံမှုများတွင် ဒေါ်လာ ၇၇၆ သန်းမှာ ဟိုတယ်နှင့် ခရီးသွားကဏ္ဍ၌ ဖြစ်ပြီး ဒေါ်လာ ၅၀၆ သန်းမှာ ဆောက်လုပ်ရေးကဏ္ဍ၌ ဖြစ်သည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည်လည်း ထိုကဏ္ဍတို့တွင် ဒေါ်လာ ၃ ဒသမ ၁ ဘီလျံနှင့် ဒေါ်လာ ၃၇ သန်းစီ အသီသီးဖြစ်ကြသည်။
MIC မှ ၁၉၈၈ ခုနှစ်ကတည်းက ခွင့်ပြုချက်ချပေးခဲ့သည့် ပြည်တွင်းရင်းနှီးမြှုပ်နှံမှုအားလုံး၏ ၂၂ ဒသမ ၄ ရာခိုင်နှုန်းမှာ အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုများဖြစ်ခဲ့ကာ အများဆုံးလည်းဖြစ်သည်။ အိမ်ခြံမြေပြီးလျှင် ဒုတိယအများဆုံးမှာ ၁၈ ရာခိုင်နှုန်းဖြင့် ကုန်ထုတ်လုပ်ငန်းကဏ္ဍဖြစ်သည်။
MIC မှ ၁၉၈၈ ခုနှစ်ကတည်းက ခွင့်ပြုချက်ချပေးခဲ့သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအားလုံးတွင်မူ အိမ်ခြံမြေက ၇ ရခိုင်နှုန်းသာ ရှိခဲ့ပြီး ဟိုတယ်နှင့်ခရီးသွားလာရေးကဏ္ဍက ၄ ရာခိုင်နှုန်းခန့် ရှိသည်။ အများဆုံးက ရေနံနှင့် သဘာဝဓာတ်ငွေ့ဖြစ်ပြီး ဒုတိယအများဆုံးက စွမ်းအင်ကဏ္ဍဖြစ်သည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများပြားခြင်းမှာ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုကို အားပေးပြီး အရင်းရှင်လစ်ဘရယ်စီးပွားရေးစနစ်ကို အသက်သွင်းရန် စစ်အာဏာရှင်အစိုးရမှ တွန်းအားပေးခဲ့သည့် ပြုပြင်ပြောင်းလဲမှုများစွာနှင့် ၂၀၁၆ ခုနှစ်ဧပြီတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) စတင်အုပ်ချုပ်ခဲ့ကတည်းက နိုင်ငံ၏ ဖြည်းလေးသော ဒီမိုကရေစီကူးပြောင်းမှုတို့ကြောင့်ဟု ဆိုနိုင်မည်ဖြစ်သည်။
၂၀၁၆ ခုနှစ် အောက်တိုဘာတွင် ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုခဲ့ပြီး နိုင်ငံတော်သမ္မတမှ လက်မှတ်ရေးထိုးခဲ့သည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေသစ် (MIL) က မြန်မာ့အိမ်ခြံမြေကဏ္ဍသို့ နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံသူများနှင့် developer (မြေယာဝယ်ယူ၍အဆောက်အအုံဆောက်လုပ်ရောင်းချရေးကုမ္ပဏီ) များ တိုက်ရိုက်ဝင်ရောက်လုပ်ကိုင်မှုအခွင့်အလမ်းရရှိနိုင်မှုကို သိသိသာသာများပြားတိုးပွားစေခဲ့သည်။
BOT က မကြာသေးမီနှစ်များအတွင်း တွေ့နေကျကန်ထရိုက်ပုံစံတစ်ခုဖြစ်လာသည်။
မည်သို့ပင်ဖြစ်စေ Myanmar Real Estate & Construction Monitor က အစိုးရသည် နှစ်ဖက်စလုံးအတွက် ဘဏ္ဍာရေးအကျိုးအမြတ်ရှိပြီး ပွင့်လင်းမြင်သာမှုပိုမိုရှိနိုင်သည့် public private partnership (PPP) သို့ ပိုမိုဦးတည်ပြောင်းလဲရန် ကြိုးပမ်းလျက်ရှိသည်ဟု သိရှိနားလည်းထားသည်။
MIL အရ နိုင်ငံခြားကုမ္ပဏီများသည် ကော်ပိုရေးရှင်း သို့မဟုတ် မြန်မာနိုင်ငံအစိုးရနှင့် အကျိုးတူပူးပေါင်းခြင်းဖြင့် သို့မဟုတ် စာချုပ်ဖြင့် ငှားရမ်းခြင်းဖြင့် ရာနှုန်းပြည့်နိုင်ငံခြားပိုင်တစ်ခုအဖြစ်သော်လည်းကောင်း ကဏ္ဍအမျိုးမျိုးတွင် ရင်းနှီးမြှုပ်နှံသူတစ်ဦးအဖြစ်သော်လည်းကောင်း လုပ်ငန်းလည်ပတ်နိုင်ကြောင်း သိရသည်။
ထို့အပြင် နိုင်ငံခြားနှင့် ပြည်တွင်းရင်းနှီးမြှုပ်နှံသူများသည် နိုင်ငံတော်အစိုးရမှ ခွင့်ပြုထားသော စီမံကိန်းကြီးများအတွက် အကျိုးအမြတ်များနှင့် သုံးနှစ် သို့မဟုတ် ငါးနှစ် သို့မဟုတ် ခုနစ်နှစ်အခွန်ကင်းလွတ်ခွင့်များကို ခံစားနိုင်သည်။
နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုခွင့်ပြုချက်များသည် မြန်မာ့အိမ်ခြံမြေသို့ အနာဂတ်တွင် လွန်စွာပိုမိုများပြားသော ရင်းနှီးမြှုပ်နှံမှုများ စီးဝင်ရောက်နိုင်ကြောင်းညွှန်ပြမှုတစ်ခုဖြစ်သည်။
သို့သော်လည်း တရားဥပဒေဆိုင်ရာမူဘောင်သည် ဆွေးနွေးရန်အဓိကကိစ္စရပ်တစ်ခုဖြစ်ဆဲဖြစ်ကာ နိုင်ငံတကာရင်းနှီးမြှုပ်နှံသူအများအပြားက နိုင်ငံ၏ လက်ရှိနိုင်ငံရေးနှင့်စီးပွားရေးအခြေအနေတွင် သူတို့၏ရင်းနှီးမြှုပ်နှံမှုများကို ကာကွယ်စောင့်ရှောက်ပေးမည့်အတိုင်းအတာနှင့်ပတ်သက်၍ စိတ်ဝင်စားနေကြဆဲဖြစ်ကြောင်း သိရသည်။
Credit: Myanmar Real Estate