ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
အမေရိကန်ပြည်၊ နယူးဂျာစီပြည်နယ်တွင် ကန်ဒေါ်လာ သန်း ၄၀ ခန့်တန်ကြေးရှိသော စံအိမ်ကြီးကို ၇၅ ရာခိုင်နှုန်းအထိ ဈေးလျှော့ကာ အရောင်းဈေးကွက်တင်လာသည်။
အဆိုပါနေအိမ်ကြီးကို ၁၉၂၀ ပြည့်လွန်ကာလများအတွင်း ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။
တချိန်ကမူ နယူးဂျာစီပြည်နယ်၏ တန်ဖိုးအကြီးဆုံးနေအိမ်ကြီးများတွင် တစ်ခုအပါအဝင်ဖြစ်ခဲ့ပြီး ယခုအခါ ကန်ဒေါ်လာ ၉ ဒသမ ၉၉ သန်းသာ ဈေးခေါ်ကာ ဈေးကွက်တင်လာခြင်း ဖြစ်သည်။ ၂၀၁၃ ခုနှစ်က ခေါ်ဈေးမှာ ကန်ဒေါ်လာ ၃၉ သန်းဖြစ်ရာ ၇၅ ရာခိုင်နှုန်းနီးပါး ဈေးလျှော့ချပေးလာခြင်း ဖြစ်သည်။
နယူးဂျာစီပြည်နယ်၊ အင်ဂဲလ်ဝုဒ်မြို့၊ မြောက် ဝုဒ်လန်းလမ်း၊ အမှတ် ၈၃ ပေါ်တွင် တည်ရှိပြီး မြေအကျယ်အဝန်းမှာ ၅ ဧကကျော် ကျယ်ဝန်းသည်။
စတုရန်းပေ ၂၄၀၀၀ ခန့်အထိကျယ်ဝန်းသော ယခုစံအိမ်မှာ ဝယ်လက်ရှာမတွေ့ဘဲ နှစ်ပေါင်းများစွာ ရှိနေခဲ့သည်။
ဂလိုရီယာ ခရက်စ် Gloria Crest ဟု စံအိမ်ကို အမည်ပေးထားသည်။ ယခင်ကမူ အင်ဂဲဝုဒ်၏ အိမ်ဖြူတော် “White House of Englewood” ဟု တင်စားခေါ်ဝေါ်ခဲ့ကြသည်။
အဆိုပါစံအိမ်ကို ၅ ကြိမ်တိုင် ဆက်တိုက်ဈေးလျှော့ပေးခဲ့ရာတွင် ဒေါ်လာ ၂၄ သန်း၊ ၁၇ သန်း၊ ၁၂ သန်း အစရှိသဖြင့် အသီးသီးလျှော့ချပေးခဲ့စေကာမူ ရောင်းမထွက်ခဲ့ချေ။
၂၀၁၇ ခုနှစ်အတွင်း ဂလိုရီယာ ခရက်စ် စံအိမ်ကြီးကို အိမ်ခြံမြေချေးငွေ ကန်ဒေါ်လာ ၅ သန်း မပေးဆောင်မှုဖြင့် လေလံတင် ရောင်းချခံခဲ့ရသည်။
ပိုင်ရှင်ဖြစ်သူ အက်ဒ်ဝါ့ဒ် တူရင်မှာ Control Equity Group ၏ အမှုဆောင်အရာရှိချုပ်ဖြစ်ပြီး နေအိမ်ဝယ်ယူခဲ့စဉ်က ပေါက်ဈေးထက် ပိုပေးကာ ဝယ်ယူခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
တူရင်သည် ဂလိုရီယာ ခရက်စ်ကို ၂၀၀၀ ပြည့်နှစ်အတွင်း ကန်ဒေါ်လာ ၄ ဒသမ ၈ သန်းဖြင့် ဝယ်ယူခဲ့သည်။
ပိုလန်မြို့စားကြီး စတီဖန် ပိုနီယာတောင်စကီးအတွက် ၁၉၂၆ ခုနှစ်တွင် ဆောက်လုပ်ခဲ့သည့်နေအိမ်ဖြစ်သည်။
ပိုနီယာတောင်စကီးသည် ပိုးချည်ထုတ်လုပ်ရောင်းချသူတစ်ဦးလည်းဖြစ်ပြီး ၁၉၂၉ ခုနှစ်၊ စတော့ဈေးကွက်ပြိုလဲမှုတွင် ဒေဝါလီခံခဲ့ရသည်။
ထို့အတွက် ပိုနီယာတောင်စကီးက ယခုစံအိမ်ကြီးကို ရောင်းချကာ မန်ဟက်တန်သို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။
စံအိမ်ကြီးအတွင်း အိပ်ခန်း ၈ ခန်း၊ ရေချိုးခန်း ၉ ခန်း ပါဝင်သည်။
ခြံဝန်းအတွင်းတွင် မြက်ခင်းများ၊ သစ်ခွခြံများ၊ ပန်းခြံများပါဝင်ပြီး ၎င်းတို့အားလုံးကို သစ်ကြီးဝါးကြီးများ၊ ၁၀ ပေမြင့်မားသော အုတ်တံတိုင်းတစ်ခုတို့က ဝန်းပတ်ကာရံထားသည်။
ထို့အပြင် ဧည့်ခန်းများစွာ ပါဝင်သည့်အပြင်၊ အိမ်တွင်း ရုပ်ရှင်ရုံ၊ အားကစားလေ့ကျင့်ရေးခန်းမ၊ ရေကူးကန်တစ်ခု၊ ရေကူးကန်ဘေး နားနေ နေရာတို့ ပါဝင်သည်။
အဆိုပါစံအိမ်ကြီးကို တစ်ချိန်က ရုပ်ရှင်မင်းသမီး ဂလိုရီယာ ဆွမ်ဆန်ပိုင်ဆိုင်ခဲ့ဖူးသည်ဟူသော သတင်းများလည်း ရှိသည်။
၁၉၂၀ ပြည့်လွန်ကာလများအတွင်း သူမ၏ ချစ်သူ ဂျိုးဆက်ဖ် ကနေဒီ (အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ၏ ဖခင်) က ဝယ်ယူပေးခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
သို့ရာတွင် ဂျိုးဆက်ဖ် ကနေဒီက ဂလိုရီယာ ဆွမ်ဆန်အတွက် ဝယ်ယူပေးခဲ့ဖူးသည်ဟူသော ခိုင်မာသည့် အထောက်အထားများကား မရှိချေ။
အရောင်းဈေးကွက်တင်ပေးသည်မှာ Signature Realty NJ ကုမ္ပဏီမှ အိမ်ခြံမြေအကျိုးဆောင် မီရှဲလ် ပိုင်းစ်ဖြစ်သည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)