ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
ကမ္ဘာကြီးမှာ အိမ်ငှားခတွေဟာ အချိန်နဲ့အမျှ တရိပ်ရိပ်မြင့်တက်လာလျက်ရှိပေမဲ့လည်း ကမ္ဘာ့နေရာတစ်ခုမှာတော့ လွန်ခဲ့တဲ့နှစ်ပေါင်းငါးရာလောက်က အိမ်ငှားခဟာ ယနေ့ထိတိုင် မပြောင်းလဲပုံသေရှိနေဆဲပဲလို့ သိရပါတယ်။
ကမ္ဘာ့သက်တမ်းအရင့်ဆုံးလူမှုဖူလုံရေးစုပေါင်းအိမ်ရာဖြစ်တဲ့ Fuggerei (ဖူဂါအိုင်) မှာ နေထိုင်ကြသူတွေဟာ အိမ်ငှားခနဲ့ပတ်သက်လို့ ငွေကြေးဖောင်းပွမှုနဲ့ ကင်းလွတ်စွာ နေထိုင်နေကြတာပဲ ဖြစ်ပါတယ်။
ဂျာမနီနိုင်ငံ ရှေးဟောင်းမြို့တစ်မြို့ဖြစ်တဲ့ Augsburg (အွတ်စ်ဘွတ်) မြို့စွန်မှာ တံတိုင်းခတ်ထားတဲ့ ဖူဂါအိုင်ရှိ ဒေသခံတွေဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀၀ နီးပါးလောက်က အဲ့ဒီဒေသမှာ စတင်နေထိုင်ခဲ့ကြသူတွေပေးခဲ့ကြရတဲ့ အိမ်ငှားခအတိုင်း တစ်နှစ်ကို ဝ ဒသမ ၈၈ ယူရို (အမေရိကန်ဒေါ်လာတစ်ဒေါ်လာ)ပဲ ပေးကြရပါတယ်။
ဖူဂါအိုင် ကို ၁၅၁၄ ခုနှစ်မှာ လူချမ်းသာစီးပွားရေးလုပ်ငန်းရှင် Jacob Fugger (ဂျက်ကော့ဘ်ဖူဂါ) က အွတ်စ်ဘွတ်မြို့ရဲ့ သူဆင်းရဲတွေအတွက် စုပေါင်းအိမ်ရာတစ်ခုအဖြစ် တည်ထောင်ခဲ့တာပဲဖြစ်ပါတယ်။ ဖူဂါတို့မိသားစုဟာ အွတ်စ်ဘွတ်မြို့ကို ၁၄ ရာစုနှစ်လယ်လောက်မှာ ရောက်ရှိလာကြပြီး အဝတ်အထည်ကုန်သွယ်ရေးလုပ်ငန်းတစ်ခုကို တည်ထောင်ခဲ့ကြပါတယ်။ ၁၆ ရာစုနှစ်မကုန်ခင်မှာတော့ သူတို့မိသားစုဟာ အဲ့ဒီမြို့ရဲ့ အချမ်းသာဆုံးမိသားစုစာရင်းထဲမှာ ပါဝင်လာပြီး သူတို့ရဲ့လုပ်ငန်းတွေဟာလည်း အိမ်ခြံမြေနဲ့ ဘဏ်လုပ်ငန်းနယ်ပယ်တွေအထိပါ တိုးချဲ့လာနိုင်ခဲ့ပြီဖြစ်ပါတယ်။
၁၅၁၄ ခုနှစ်မှာတော့ သူဟာ လူထုအကျိုးပြုလှုပ်ရှားမှုတစ်ခုအနေနဲ့ ဖူဂါအိုင်ဆောက်လုပ်ရေးကို စတင်ခဲ့ပါတော့တယ်။ အဲ့ဒီနောက် သူဟာ အသက်အရွယ်နဲ့ မိသားစုနောက်ခံအဆင့်အတန်းမရွေး နေအိမ်လိုအပ်သူတွေအတွက် တန်ဖိုးနည်းအိမ်ရာကို ပေးချင်တဲ့ သူ့အိပ်မက်ကို စတင်အကောင်အထည်ဖော်ခဲ့တာပဲဖြစ်ပါတယ်။
လျှောက်ထားလိုသူတွေအတွက် လိုအပ်ချက်တွေကတော့ ကက်သလစ်ခရစ်ယာန်ဘာသာကို ကိုးကွယ်ယုံကြည်သူဖြစ်ရမှာဖြစ်ပြီး အွတ်စ်ဘွတ်မြို့ခံအဖြစ် အနည်းဆုံးနှစ်နှစ်သက်တမ်းရှိသူဖြစ်ရမယ်လို့ သတ်မှတ်ခဲ့ပါတယ်။ ဒါ့အပြင် ရွေးချယ်ခံရသူတွေအနေနဲ့ ည ၁၀ နာရီနောက်ပိုင်း အိမ်အပြင်မထွက်ရတော့တဲ့အပြင် အိမ်ရာထဲရှိ ဘုရားကျောင်းမှာ တနေ့သုံးကြိမ်ဘုရားရှိခိုးရမယ်လို့လည်း စည်းကမ်းချက်ရှိပါတယ်။ ဒီစည်းကမ်းတွေဟာ ယနေ့တိုင်အသက်ဝင်နေဆဲဖြစ်ပြီး ည ၁၀ နာရီနောက်ပိုင်း အပြင်မထွက်ရစည်းကမ်းကတော့ ဂိတ်စောင့်တွေကို မု့န်ဖိုးပေးပြီး ဝင်ထွက်သွားလာနေကြတယ်လို့လည်း သိရပါတယ်။
ဒီကနေ့အချိန်အထိ အိမ်ငှားခတိုးစရာမလိုတာဟာ ဖူဂါက အိမ်ရာအတွက်ရန်ပုံငွေထူထောင်ပေးခဲ့တာကြောင့်ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီတစ်ခုတည်းကြောင့်တော့ မဟုတ်ပါဘူး။ ဒီအိမ်ရာအကြောင်းကို ကြားပြီး စိတ်ဝင်စားလို့လာလည်ကြတဲ့ ခရီးသွားဧည့်သည်တွေဆီကနေ တစ်ဦးလျှင် ဝင်ကြေး ၄ ယူရိုစီ ကောက်ခံတာကလည်း အိမ်ရာအတွက်ဝင်ငွေအဖြစ် ရန်ပုံငွေတိုးလာစေတယ်လို့ သိရပါတယ်။
ဒီအိမ်ရာဟာ ဒုတိယကမ္ဘာစစ်တုန်းက ဆိုးဆိုးရွားရွားပျက်စီးသွားခဲ့ဖူးလို့ ပြန်ပြင်ခဲ့တဲ့အပြင် တိုးချဲ့မှုပါပြုလုပ်ခဲ့ပါသေးတယ်။ အခုဆိုရင် ဒီအိမ်ရာမှာ လုံးချင်းအိမ်ပေါင်း ၆၇ လုံးနဲ့ တိုက်ခန်းပေါင်း ၁၄၇ ခန်းရှိကာ နေထိုင်သူဦးရေ ၁၄၂ ဦး ရှိတယ်လို့ သိရပါတယ်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)