ပြည်ပ အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
စင်္ကာပူလူနေအိမ်ခြံမြေဈေးကွက်အား ယခုနှစ်တွင် အတော်လေးဆက်လက်ငြိမ်သက်မည်ဟု အိမ်ခြံမြေ developer (မြေယာဝယ်ယူ၍ အဆောက်အအုံဆောက်လုပ်ရောင်းချရေးကုမ္ပဏီ) များနှင့် အိမ်ခြံမြေဝန်ဆောင်မှုကုမ္ပဏီများက ခန့်မှန်းထားကြောင်း CGS-CIMB ဘဏ္ဍာရေးဝန်ဆောင်မှုကုမ္ပဏီက ထုတ်ပြန်ခဲ့သည်။
၂၀၁၉ခုနှစ်အတွက် အရောင်းအဝယ်ပမာဏသည် ပြီးခဲ့သည့်နှစ်ကတွေ့မြင်ခဲ့ရသော အရောင်းအဝယ်ပမာဏနှင့် နှိုင်းယှဉ်နိုင်ကြောင်း၊ အကြောင်းမှာ ဈေးကွက်အတွင်းသို့ စီမံကိန်းသစ်များရောက်ရှိမှု အလွန်များပြားသည့်တိုင် ဝယ်လိုအားပိုမိုလျော့နည်းမည့်အခြေအနေကြောင့် ဖြစ်ကြောင်း APAC Realty အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီက ခန့်မှန်းထားသည်။
စီမံကိန်းသစ်များဈေးကွက်ထဲရောက်ရှိမှုသည် ၂၀၁၉ ခုနှစ် ဒုတိယသုံးလပတ်မှစတင်ကာ ပြန်လည်မြင့်တက်မည်ဟု ခန့်မှန်းထားကြသည်။
ဥပမာဆိုရသော် အိမ်ခြံမြေ developer ဖြစ်သည့် City Developments Limited သည် ယခုနှစ်တွင် Boulevard 88၊ Haus on Handy၊ Amber Park၊ the Sumang Walk EC နှင့် Sengkang Central စီမံကိန်းတို့မှ လူနေအိမ်ခန်းပေါင်း ၂၄၃၄ ခန်းကို ဈေးကွက်ထဲမိတ်ဆက်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။
“စင်္ကာပူအိမ်ခြံမြေဈေးနှုန်းတွေဟာ အားကောင်းတဲ့ဝယ်လိုအားရင်းမြစ်တစ်ခုဖြစ်လာတဲ့ တရုတ်အခြေစိုက်ဝယ်လက်တွေအတွက် ပေါချောင်ကောင်းဖြစ်ဆဲပါပဲ” ဟု CGS-CIMB ၏ ဈေးကွက်လေ့လာသူ လော့ခ်မွန်ယီးက ပြောကြားခဲ့သည်။
ပြည်တွင်းနှင့် နိုင်ငံခြားဝယ်လက်များ၏ ဝယ်လိုစိတ်အဟုန် အားကောင်းနေဆဲဖြစ်ခြင်းကြောင့် ယခုနှစ်အတွင်း ရောင်းအားပမာဏသည် ၉၀၀၀ နှင့် ၁၀၀၀၀ အကြား မပြောင်းမလဲရောက်ရှိနိုင်ကြောင်းနှင့် ပုဂ္ဂလိကအိမ်ဈေးများသည်လည်း ၀ ရာခိုင်နှုန်းမှ ၃ ရာခိုင်နှုန်းအကြားသာ မပြောင်းမလဲမြင့်တက်နိုင်ကြောင်း လည်း သူမက အထက်ဖော်ပြပါ ခန့်မှန်းချက်နှင့်ပတ်သက်၍ ပြောကြားခဲ့သည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)