ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် အမှတ် (၆) ရပ်ကွက် ဇေယျာခေမာလမ်းသွယ် (၅) ၌ဆောင် ရွက်သော သုခိတာတန်ဖိုးနည်း အိမ်ရာစီမံကိန်းကို လာမည့်ဒီဇင်ဘာလကုန်ပိုင်းတွင် အပြီးတည်ဆောက်ကာ မီးဘေးသင့် အိမ်ထောင်စု ၃၇ စုအား ၂၀၂၀ ခုနှစ် ဇွန်လတွင် နေအိမ်များ ပြန်လည်နေရာချပေးသွားမည်ဖြစ်ကြောင်း အိမ်ရာစီမံကိန်းလုပ်ငန်းခွင်မှ သိရသည်။
ဆောက်လုပ်ပြီးစီး
လက်ရှိတွင် တည်ဆောက်နေသော အဆောက်အအုံများသည် ပုံမှန်လိုအပ်ချက်အတိုင်း လျှပ်စစ်မီးများ၊ အဝီစိရေများရရှိရန် ဆောင်ရွက်ပေးသွားမည် ဖြစ်သည်။ စီမံကိန်းအတွင်းရှိ အဆောက်အအုံသုံးလုံးမှာ လက်ရှိတွင် ဆောက်လုပ်ပြီးစီးနေပြီဖြစ်ပြီး အချောသပ်လုပ်ငန်းများသာ ဆောင်ရွက်ရန်သာ ကျန် ရှိတော့ကြောင်း၊ အဆောက်အအုံနှစ်လုံးဆောက် လုပ်နေမှုမှာလည်း စတုတ္ထထပ်သို့ရောက်ရှိနေပြီဖြစ် ပြီး ကျန်အဆောက်အအုံနှစ်လုံးကိုလည်း ဖောင်ဒေးရှင်းလုပ်ငန်းများ ဆောင်ရွက်နေပြီဖြစ်ကြောင်း သုခိတာတန်ဖိုးနည်းအိမ်ရာ စီမံကိန်းလုပ်ငန်းခွင်မှ သိရသည်။
"မီးဘေးကြောင့် နေဖို့အခက်အခဲဖြစ်နေကြတဲ့ ပြည်သူတွေကို အိမ်ရာဖော်ဆောင်ပေးချင်လို့ ကျွန်တော်ကိုယ်တိုင် ဒီဇိုင်းရေးဆွဲပြီး YCDC ကို ကမ်းလှမ်းပြီး အကျိုးတူပူးပေါင်းဆောင်ရွက်ဖြစ်တာပါ၊ နေအိမ်တွေ ဆောင်ရွက်ပြီးစီးပြီဆိုရင်တော့ YCDC ကို လွှဲပြောင်း ပေးအပ်မှာပါ။ အဲဒီကနေတစ်ဆင့် ပြည်သူတွေကို ပေးအပ်သွားမှာပေါ့။ ပြည်သူတွေ လက်လှမ်းမီဝယ်ယူ နိုင်တဲ့ တန်ဖိုးနည်းအိမ်ရာတွေကို အကောင်အထည်ဖော်ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ သဘာဝဘေးအန္တရာယ်တွေကြောင့် ဖြစ်ပေါ်ထိခိုက်ခဲ့ရတဲ့ နေအိမ်တွေရှိလာပြီဆိုရင်လည်း မြို့တော်စည်ပင်နဲ့ ပူးပေါင်းပြီး အဆင့်မြှင့်တင်ဆောင်ရွက်သွားမှာ"ဟု သုခိတာတန်ဖိုးနည်း အိမ်ရာစီမံကိန်းလုပ်ငန်းခွင်ရှိ ဆန်းမြတ်ထွန်း ဆောက်လုပ်ရေးကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဒေါက်တာ နေလင်းထွန်းက ပြောဆိုသည်။
အခန်း ၉၀ ပြီးစီး
သုခိတာတန်ဖိုးနည်းအိမ်ရာတွင် အဆောက်အအုံခုနစ်လုံးပါဝင်ပြီး လူနေ အိမ်ခန်းစုစုပေါင်း အခန်း ၉၀ ဆောက်လုပ်ပြီးထိုအထဲတွင် မီးဘေးသင့် အိမ်ထောင်စု ၃၇ စုအား ပြန်လည်နေရာချထားပေးရန် စီစဉ်ထားကြောင်း အမှတ် (၆)ရပ်ကွက် ဆယ်အိမ်မှူး ဦးတင်လှက ပြောဆိုသည်။ ယခင်မူလမြေနေရာ ဖြစ်သော ခန့်မှန်းစတုရန်းပေ ၂၉၀ဝ၀ (သုည ဒသမ ၆ ဧက) ပေါ်တွင် ဆောက် လုပ်နေခြင်းဖြစ်ပြီး ငွေကျပ် ၁ ဒသမ ၅ ဘီလီယံကုန်ကျမည်ဖြစ်ကြောင်း သိရသည်။
Credit: The Myanmar Times