ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
မြန်မာနိုင်ငံမှ ထိပ်တန်းကုမ္ပဏီများတွင် တစ်ခုအပါအဝင်ဖြစ်သော မက်စ်မြန်မာကုမ္ပဏီ သည် တရုတ်ဆောက်လုပ်ရေးကုမ္ပဏီ ၆ ခုနှင့် ပြီးခဲ့သောလ လကုန်ပိုင်းက ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း မက်စ်မြန်မာဖေ့စ်ဘုတ်စာမျက်နှာတွင် ဖော်ပြထားသည်။
မက်စ်မြန်မာသည် ကွမ်ကျိုး၊ တုန်ကွမ်၊ ရှန်ကျန်း၊ ကွမ်တုံနှင့် ဟောင်ကောင်တို့မှ ဆောက်လုပ်ရေးကုမ္ပဏီများနှင့် တွေ့ဆုံကာ ရထားလမ်း၊ အထပ်မြင့် အဆောက်အအုံများ၊ အိမ်ရာစီမံကိန်းများ ဆောက်လုပ်ရေးအတွက် ဆွေးနွေးခဲ့သည်ဟု ဆိုသည်။
ဆွေးနွေးမှုများတွင် စီမံခန့်ခွဲမှု၊ နည်းပညာနှင့် မိတ်ဖက်ပူးပေါင်းမှုကဏ္ဍတို့အပြင် မော်တော်ကားစက်ရုံများ၊ ပြခန်းများ၊ အနာဂတ်တွင် ပေါ်ပေါက်လာမည့် စမတ်ကားပါကင်နေရာများအကြောင်း ပါဝင်ခဲ့သည်။
ဆွေးနွေးခဲ့ကြသည့် ကုမ္ပဏီများ၏ အမည်နှင့် အခြားအသေးစိတ်အချက်အလက်များကို မသိရသေးချေ။
မက်စ်မြန်မာသည် ဖီးကန် ထရုန်း ချိန်း မြန်မာ (Fecon Trung Chinh Myanmar) ဆောက်လုပ်ရေးနှင့်လည်း ၃ နှစ်တာ ဆောက်လုပ်ရေးကဏ္ဍ ပူးပေါင်းလုပ်ဆောင်ရန် မတ်လအတွင်းက နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့သည်။
၂၀၁၆ ခုနှစ်အတွင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေသစ် အသက်ဝင်လာပြီးနောက်ပိုင်း နိုင်ငံခြားကုမ္ပဏီများသည် အိမ်ခြံမြေကဏ္ဍသို့ တိုက်ရိုက်ဝင်ရောက်ခွင့် ရရှိလာပြီး ရင်းနှီမြှုပ်နှံမှုများကို ပွင့်လင်းမြင်သာစွာ၊ အချိန်ကုန်သက်သာစွာ ပြုလုပ်နိုင်မှု ရှိလာသည်။
ကမ္ဘာ့ဘဏ်က ထုတ်ပြန်သော နောက်ဆုံးအချက်အလက်များအရ မြန်မာနိုင်ငံသည် ၂၀၁၉ ခုနှစ်အတွင်း စီးပွားရေးလုပ်ကိုင်ရ လွယ်ကူမှုညွှန်းကိန်း၌ ကမ္ဘာ့နိုင်ငံပေါင်း ၁၉၀ အနက် ၁၇၁ နေရာတွင် ရပ်တည်နေသည်။
အဆိုပါအဆင့်မှာ လွန်ခဲ့သည့် ၂ နှစ်တာကာလထက် အနည်းငယ်မြင့်တက်လာခြင်းလည်း ဖြစ်သည်။
ယင်းအဆင့်သတ်မှတ်မှုမှာ အချက် ၁၀ ခုပေါ်တွင် အခြေခံတွက်ချက်ထားခြင်းဖြစ်ပြီး ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်ခွင့် ပါမစ် ကိစ္စများ၊ အိမ်ခြံမြေ မှတ်ပုံတင်ခြင်း၊ ချေးငွေရယူခြင်း၊ လျှပ်စစ်ဓာတ်အားရရှိနိုင်မှု၊ အခွန်ပေးဆောင်ရမှု အစရှိသည့် အချက်များအပေါ် အခြေခံတွက်ချက်ထားခြင်း ဖြစ်သည်။
မက်စ်မြန်မာဆောက်လုပ်ရေးသည် မက်စ်မြန်မာကုမ္ပဏီ၏ ကုမ္ပဏီခွဲတစ်ခုဖြစ်သည်။
မက်စ်မြန်မာကုမ္ပဏီကို ၁၉၉၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး စိုက်ပျိုးရေး၊ ဆောက်လုပ်ရေး၊ စွမ်းအင်၊ ဟိုတယ်၊ ကုန်ထုတ်လုပ်ရေး၊ ကုန်သွယ်ရေးတို့ အပါအဝင် ကဏ္ဍများစွာတွင် လုပ်ငန်းများလုပ်ဆောင်သည့် လုပ်ငန်းစုံ conglomerate ကုမ္ပဏီကြီးတစ်ခု ဖြစ်လာခဲ့သည်။
မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးမြို့တော်ဖြစ်သော နေပြည်တော်၏ လမ်းများ၊ အိမ်ခြံမြေ အဆောက်အအုံများဆောက်လုပ်ရာတွင် အဓိက ပါဝင်ခဲ့သည့် ကုမ္ပဏီများတွင် တစ်ခုအပါအဝင် ဖြစ်သည်။
လက်ရှိအားဖြင့် အင်းလျားကန်ဖွံ့ဖြိုးရေးစီမံကိန်း၊ Ibis Thein Phyu ဟိုတယ်၊ နာနတ်တော ကွန်ပလက်စ်၊ သီလဝါဆက်သွယ်ရေးလမ်းမ၊ နေပြည်တော်ရှိ အမျိုးသားဧည့်ဂေဟာ ဆောက်လုပ်ရေးစီမံကိန်းများ အကောင်အထည် ဖော်လျက်ရှိနေသည်။
Credit: Myanmar Real Estate