ပြည်ပ အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
အင်္ဂလန်နိုင်ငံ၊ ဘရစ္စတိုးရေလက်ကြားတွင် နေအိမ်တစ်လုံးမှာ အိပ်ခန်း ၄ ခန်းပါဝင်ပြီး အလွန်လှပသာယာသည့် ပတ်ဝန်းကျင် ရှုမျှော်ခင်းများ ပိုင်ဆိုင်ထားသော်လည်း ခိုချေးများ ပြည့်နှက်နေသောကြောင့် ပေါင် ၄၅၀၀၀ မျှဖြင့် ဈေးခေါ်ကာ အရောင်းဈေးကွက်တင်ခဲ့ရသည်။
အဆိုပါနေအိမ်သည် ကျယ်ဝန်းသည့် အခန်းများ၊ နေအိမ်ပြင်ပနေရာများ ပါဝင်ကာ လူကြိုက်များသည့် ဒေသတွင် တည်ရှိသည်။
နေအိမ်ဝယ်ယူမည့် ဝယ်လက်အနေဖြင့် အချို့ သော အခန်းများတွင် ၂ ပေထုခန့်ရှိသည့် ခိုချေးပုံတောထဲတွင် ရုန်းကန်သွားလာကာ အိမ်ကြည့်ရမည်ဖြစ်သည်။
နေအိမ်ဝယ်ယူပြီးပါကလည်း ပြတင်းပေါက်များ၊ လှေကားများ မရှိတော့သည့်နေရာများတွင် ပြန်လည်တပ်ဆင်ရမည်ဖြစ်ပြီး ကွာကျနေသော မျက်နှာကြက်များ၊ ဆွေးမြေ့ နေသော ကြမ်းခင်းများကို ပြန်လည်ပြုပြင်မွမ်းမံရဦးမည် ဖြစ်သည်။
Fore လမ်းပေါ်တွင် တည်ရှိသည့် အဆိုပါနေအိမ်တွင် ပြီးခဲ့သော ၂၀၁၈ ခုနှစ်၊ နှစ်ကုန်ပိုင်းအထိ လူနေထိုင်မှုရှိခဲ့ပြီး ယခုအရောင်းဈေးကွက်ဝင်လာခြင်းမှာ နှစ်ပေါင်း ၄၀ ကာလအတွင်း ပထမဆုံးအကြိမ်လည်း ဖြစ်သည်။
နေအိမ်ကို အရောင်းဈေးကွက်တင်ပေးသည့် အိမ်ခြံမြေအကျိုးဆောင်တို့က နေအိမ်၏ အခြေအနေကြောင့် ဝယ်လက်များ နေအိမ်ကြည့်ရှုကြမည်ကို အားမပေးကြချေ။ ကိုယ်တိုင်သွားရောက် ကြည့်ရှုမည့်အစား ရုပ်သံဖိုင်များဖြင့် ကြည့်ရှုခြင်းကိုသာ အားပေးကြသည်။
Webbers Estate Agents မှ ဒါရိုက်တာ လီဟပ်ဆဲလ်က ပြောကြားရာတွင် ယခုနေအိမ်တွင် နေထိုင်ခဲ့သော အမျိုးသမီးကြီးမှာ ယခုအခါ အငှားအိမ်ခန်းတစ်ခုတွင် ပြောင်းရွှေ့ နေထိုင်နေပြီဖြစ်ကြောင်း ပြောကြားသည်။
“ဒီအိမ်ဟာ ပြန်လည်ပြုပြင်ရမှာဖြစ်ပြီး အတော်လေးစိတ်မကောင်းစရာ အခြေအနေဖြစ်နေပေမယ့် အလားအလာအများကြီးရှိတဲ့ နေအိမ်တစ်လုံးပါ”
“အဆောက်အအုံရဲ့  ဖွဲ့စည်းပုံပိုင်းအခြေအနေနဲ့ အန္တရာယ်ရှိတဲ့ ခိုချေးအမြောက်အမြားရှိနေတာကြောင့် ဒီအိမ်ကို ကြည့်ရှုဖို့တော့ ကျွန်တော်တို့ မကမ်းလှမ်းနိုင်ပါဘူး”
သို့ရာတွင် နေအိမ်ကို စိတ်ဝင်စားပြီး အွန်လိုင်းမှ ဝင်ရောက်ကြည့်ရှုသူ ထောင်ပေါင်းများစွာရှိနေကြောင်း မစ္စတာဟပ်ဆဲလ်က ပြောကြားသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)