ပြည်ပ အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
စကော့တလန်နိုင်ငံ၊ loch lomond တွင် လူသူနေထိုင်ဖူးခြင်းမရှိသေးသော ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာသည်။
စကော့တလန်နိုင်ငံ၊ အနောက် ဒန်ဘာတန်ရှိုင်းယားအရပ်တွင် စကော့တလန်၏ အကြီးမားဆုံး ရေကန်ကြီးများတွင် တစ်ခုအပါအဝင်ဖြစ်သော လို့ခ်ျ လိုမန်ရေကန်ကြီးတည်ရှိသည်။ အဆိုပါရေကန်ကြီးအတွင်းတွင် ကျွန်းပေါင်း ၂၀ ကျော်အထိ ရှိသည်ဟု ဆိုသည်။
ယင်းကျွန်းများအနက် ရေကန်ကြီး၏ တောင်ဘက်ပိုင်းတွင် တည်ရှိသော torrinch အမည်ရှိ ကျွန်း အရောင်းဈေးကွက်ဝင်လာခြင်း ဖြစ်သည်။
ကျွန်းအကျယ်အဝန်းမှာ ၁၈ ဧကရှိပြီး လူသူနေထိုင်ဖူးခြင်း လုံးဝမရှိသေးသော ကျွန်းတစ်ကျွန်းဖြစ်သည်။
ခေါ်ဈေးမှာ ကန်ဒေါ်လာ ၂၅၀၀၀၀ ဖြစ်ပြီး သတိပြုရမည့်အချက်ကား အဆိုပါကျွန်းပေါ်တွင် မည်သည့်အဆောက်အအုံမျှ ဆောက်လုပ်ခွင့် မရှိခြင်းပင်။
စကော့တလန် အမျိုးသားသဘာဝထိန်းသိမ်းရေး၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်ပြီး စကော့တလန်သဘာဝ အမွေအနှစ်အဖွဲ့က ၂၀၀၄ ခုနှစ်၊ စကော့တလန် သဘာဝထိန်းသိမ်းရေးအက်ဥပဒေအရ သိပံပညာ….ဆိုင်ရာ အကျိုးစီးပွားအထူးဇုန်အဖြစ် သတ်မှတ်ခြင်းခံထားရသည့် နေရာတစ်ခုလည်း ဖြစ်သည်။
စကော့တလန် သဘာဝအမွေအနှစ်အဖွဲ့က တော်ရင့်ခ်ျကျွန်း၏ မွမ်းမံမှုကို တာဝန်ယူထားပြီး ကျွန်းတစ်ခုလုံး သန့်ရှင်းနေရန် တာဝန်ယူပေးထားသည်ဟု ဆိုသည်။
တော်ရင့်ခ်ျကျွန်းတွင် ပေါ့ပလာပင်၊ ဘုဇပတ်မျိုးဝင် ဆောင်းရွက်ကြွေပင်၊ ဝက်သစ်ချပင်၊ ထင်းရှူးပင်များ ဖုံးလွှမ်းနေပြီး ကမ်းခြေငယ်တစ်ခုလည်း ပါဝင်သည်။ သို့ရာတွင် လှေဆိပ်ကား မပါဝင်ချေ။ ထို့ကြောင့် လာရောက်မည့်သူအနေဖြင့် လှေငယ်ကလေးများဖြင့်သာ လာရောက်နိုင်မည် ဖြစ်သည်။
အနီးဆုံးရှိကျွန်းများမှာ creinch နှင့် inchcailloch ကျွန်းများ ဖြစ်ကြသည်။
ဟယ်လင်စ်ဘာ့ဂ်ျနှင့် အလက်ဇန်းဒြီးယားမြို့ များမှာ ၂၅ မိုင်အကွာတွင် တည်ရှိပြီး အီဒင်ဘာ့ဂ်ျမှာ ၆၅ မိုင်ဝေးကွာကာ ဂလပ်စကိုမှာ ၂၁ မိုင်အကွာအဝေးတွင် တည်ရှိသည်။ ဂလပ်စကိုလေဆိပ်မှာမူ တစ်နာရီခရီးသာ ဝေးကွာသည်။
ယခုကျွန်းသည် လှေလှော်ခြင်း ဆယ်လ်မွန်ငါး၊ ထရောက်ငါးများ မျှားနိုင်သည်။
ငါးကို ကွန်ဆွဲခြင်း၊ ငါးမျှားခြင်း နှစ်မျိုးလုံးခွင့်ပြုထားသည်ဟု ဆိုသည်။
တောလည်ထွက်ခြင်း၊ ကျောက်တောင်တက်ခြင်း၊ ငှက်ကြည့်ခြင်း၊ စက်ဘီးစီးခြင်းများကို ကိုယ်ပိုင်ကျွန်းပေါ်တွင် တစ်ကိုယ်ရည် လုံခြုံမှုရှိစွာဖြင့် အေးချမ်းစွာပြုလုပ်နိုင်မည့် အခွင့်အရေးဖြစ်သည်။
နောက်ဆုံးအရောင်းအဝယ်ဖြစ်ခဲ့သည်မှာ ၂၀၀၁ ခုနှစ်အတွင်းဖြစ်ပြီး ဆာ ဂျော့ခ်ျ လိုက်သ် ဘုချနန်၏ ဇနီးမုဆိုးမဖြစ်သူ လေဒီ ဘာဘရာ လိုက်သ် ဘုချနန် အသက် ၉၅ နှစ်အရွယ်တွင် နေအိမ်တစ်လုံးမီးသင့်လောင်စဉ် ကွယ်လွန်သွားခဲ့ပြီးနောက်ပိုင်း ယခုကျွန်း အရောင်းအဝယ်ဖြစ်ခဲ့ခြင်း ဖြစ်သည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)