ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
ရာသီဥတုပြောင်းလဲမှုကြောင့် ကမ္ဘာ့ပင်လယ်ရေပြင်များ မြင့်တက်လာနေခြင်းအန္တရာယ်ကို ရင်ဆိုင်ရန် ကြိုးပမ်းသည့်အနေဖြင့် ကမ္ဘာ့ပထမဆုံး လျှပ်စစ်စွမ်းအင်ရ ရေပေါ်ရွက်လှေအိမ်တစ်မျိုးကို တီထွင်ထုတ်လုပ်လိုက်ပြီ ဖြစ်သည်။
Arkup ဟု အမည်ပေးထားပြီး နေအိမ်သဖွယ် လူနေထိုင်နိုင်မည့် ရွက်လှေမျိုးဖြစ်သည်။
အဆိုပါအမည်နာမမှာ နောဧ၏ ရွက်လှေ (Ark) မှ ဆင်းသက်လာခြင်း ဖြစ်ဖွယ်ရှိသည်။
အမိုးပေါ်တွင် နေစွမ်းအင် ဆိုလာပြားများကို တပ်ဆင်ပေးထားပြီး ဆိုလာပြားတို့၏ အကျယ်အဝန်းစုစုပေါင်းမှာ စတုရန်းပေ ၂၃၀၀ ခန့် ရှိသည်။
Arkup ရေပေါ်အိမ်သည် တစ်နာရီလျှင် ၁၃၀ မိုင်မှ ၁၅၆ မိုင်အကြား တိုက်ခတ်သည့် ဟာရီကိန်းမုန်တိုင်းများ၏ ဒဏ်ကို ခံနိုင်စွမ်းရှိသည်ဟု ဆိုသည်။
အိမ်တွင်း၊ အိမ်ပြင်လူနေထိုင်နိုင်မည့်နေရာ အကျယ်အဝန်း စတုရန်းပေ ၄၃၅၀ ခန့်ရှိသည်။
ရေပေါ်တွင် နေအိမ်ကို ထိစပ်တည်ရှိ မနေစေလိုပါက အလိုအလျောက်ဟိုက်ဒရောလစ်စနစ်သုံး တိုင်များကို ချထားကာ ရေပြင်အထက်တွင် တည်ရှိနေစေနိုင်သည်ဟု ဆိုသည်။
နေအိမ်အတွင်း Miele ကုမ္ပဏီထုတ် မီးဖိုဆောင်သုံး ပစ္စည်းများ၊ အဝတ်အစားထားသိုခန်း၊ ရေစိမ်ကန်တို့ ပါဝင်သည်။
Master bedroom ၄ ခန်း၊ နည်းပညာမြင့် အသုံးအဆောင်ပစ္စည်းများ ပါဝင်သည်။ ထို့အပြင် အမှိုက်ခြေဖျက်ကြိတ်စက်တစ်ခုလည်း လိုအပ်ဖွယ်ရှိသည်။ အမှိုက်များကို မည်သည့်နေရာတွင် စွန့်ပစ်မည်ကိုမူ မသိနိုင်သေးချေ။
သန်းကြွယ်သူဌေးများအနေဖြင့် ပင်လယ်ရေပြင်များ မြင့်တက်လာချိန်တွင် အသုံးပြုရန် ကြိုတင်ဝယ်ယူထားနိုင်မည်ဖြစ်သော်လည်း လူအများစုအတွက်မူ ချက်ချင်းအပိုင်ဝယ်ရန် မလိုသေးဘဲ ငှားရမ်းနေထိုင်နိုင်မည့် အခွင့်အရေးလည်း ရှိနေသည်။
Arkup ရေပေါ်အိမ်များ၏ ငှားရမ်းခမှာ တစ်ညလျှင် ကန်ဒေါ်လာ ၆၀၀၀ ဖြစ်ပြီး လူ ၈ ဦးတပြိုင်တည်း တည်းခိုနိုင်မည် ဖြစ်သည်။
ရေပေါ်အိမ်ဝယ်ယူလိုသူများအနေဖြင့် ကန်ဒေါ်လာ ၅ ဒသမ ၉ သန်းဖြင့် ဝယ်ယူနိုင်မည်ဖြစ်ပြီး ပရိဘောဂအပြည့်အစုံ ထည့်သွင်းပြီး ဖြစ်သည့်အပြင် ပြုပြင်မွမ်းမံပြီးဖြစ်သည်ဟု ဆိုသည်။
ဝယ်ယူလိုသူများအနေဖြင့် အသေးစိတ်အချက်အလက်များကို arkup.com တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)