ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
ရန်ကုန်မိုးပျံမြို့ပတ်ရထားစီမံကိန်းကို ပါရမီလမ်းကြောင်းအတိုင်း ၂၀၂၁ ခုနှစ်တွင် စတင်ရန် လုပ်ဆောင်နေသည်ဟု ဒဂုံမြို့နယ် ၊ မဲဆန္ဒနယ် အမှတ်(၂) တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇေ ယျက ဧပြီ ၂၇ ရက်၌ မြန်မာတိုင်းမ်နေ့စဉ် သို့ပြောဆိုသည်။
ယင်းမိုးပျံရထား စီမံကိန်းကို ဂျိုက်ကာ နှင့် မြန်မာ့မီးရထားတို့ ပူးပေါင်းပြီး လုပ်ဆောင်သွားမည်ရာ ရန်ကုန် - အရှေ့အနောက်သို့ ပါရမီ လမ်းကြောင်းအတိုင်း စတင်ပြေးဆွဲနိုင်ရန် ဆောင်ရွက်ပြီး နောက် ရန်ကုန်တောင်- မြောက် အပိုင်း နှင့် ဒလ ဘက်သို့လည်းကောင်း ထိုမှ တစ်ဆင့် ရန်ကုန်မြို့ တွင်း မြို့ပတ်လည်ကို ၂၀၃၅ ခုနှစ် ၌ အပြီးဆောင်ရွက်သွားမည် ဖြစ်သည်။
" ဘဏ္ဍာရေး သုံးစွဲမှုကတော့ ဘယ်လောက်သုံးမယ်ဆိုတာ မသိရသေးပါဘူး ။ ဘာလို့လဲ ဆိုတော့ မိုးပျံရထားလုပ်တဲ့အခါမှာ မြေလိုအပ်တယ်လေ ။အခု မြေသိမ်းဥပဒေကလည်း အခက်အခဲ နည်းနည်းဖြစ်နေတဲ့အတွက် မြေသိမ်းတာ တွေအားလုံးပြီးမှ ဘဏ္ဍာရေးကို ဘယ်လောက်သုံးမယ် ဆိုတာ ထွက်လာမှာပါ ။ အဓိက အခက်အခဲက မြေသိမ်းဥပဒေပါပဲ ။ ၂၀၁၉ ခုနှစ်နဲ့ ၂၀၂၀ မှာ မြေသိမ်း မှုတွေ အပြီးလုပ်ဆောင်မယ်။ ၂၀၂၁ ခုနှစ်မှာ စီမံကိန်း စတင်ပါမယ် ။နိုင်ငံတော်က လိုအပ်ရင် လိုအပ်သလို မြေသိမ်းရမှာပေါ့ " ဟု ၎င်းကပြောဆိုသည်။
ထို့အပြင် စံမံကိန်းနှင့် ပတ်သက်ပြီး ဧပြီ ၂၉ ရက်တွင်လည်း ရန်ကုန်တိုင်းအတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များကို ထပ်မံတွေ့ဆုံပြီး ဆွေးနွေးတင်ပြသွားမည်ဟုလည်း သိရသည်။
" ဒီစီမံကိန်းက မြို့နယ်ပေါင်းစုံပါဝင်တဲ့အတွက်ကြောင့် ကိုယ်စားလှယ်တွေကို ဧပြီ ၂၉ ရက်မှာ ထပ်မံ ပြီးရှင်းပြအုံးမှာပါ ။ မြေသိမ်းတဲ့အခါမှာ လျော်ကြေးတွေ ဘယ်လိုပေးသွားမယ်ဆိုတာလဲ လုပ်ဆောင်သွားမှာပါ ။ မြန်မာ့မီးရထားလည်း ပါတယ် ဂျိုက်ကာလည်း ပါတယ်ဆိုတော့ ဒီအဖွဲ့နဲ့ပဲ အလုပ် ဖြစ်မယ်ထင်ပါတယ်" ဟု ဦးကျော်ဖေယျက သုံးသပ်ပြောဆိုသည်။
Credit: The Myanmar Times