ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
အမေရိကန် ရေနံကုမ္ပဏီအပါအ၀င် ကုန်စည်ပို့ဆောင် ရေး ၀န်ဆောင်မှု ကုမ္ပဏီများ မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများ တိုးချဲ့ရန် လာရောက်ဆွေးနွေးမည် ဖြစ်သည်။
Chevron ရေနံကုမ္ပဏီ၊ ကုန်စည်ပို့ဆောင်ရေးဝန်ဆောင် မှု ကုမ္ပဏီ Fedex ၊ ရေဆိုးသန့် စင်လုပ်ငန်းနှင့် ရေလုပ်ငန်းကုမ္ပဏီ၊ ရာသီဥတု သတင်းအချက်အလက် ဖြန့်ဝေပေးသည့် ကုမ္ပ ဏီများအပါအ၀င် ကုမ္ပဏီ ၁၂ ခု ဧပြီ ၂၉ ရက်တွင် မြန်မာနိုင်ငံ သို့ လာရောက်မည်ဖြစ်သည်။
အမေရိကန် ကုန်သည်အသင်းချုပ် အပါအ၀င် အဆိုပါကုမ္ပဏီ ၁၂ ခုနှင့် ပြည်တွင်းစီးပွား ရေးလုပ်ငန်းရှင်များ ဆွေးနွေးပွဲ ကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး H.E.Mr.Scot Marciel ဦးဆောင်၍ ဧပြီ ၃၀ ရက်တွင် မြန်မာနိုင်ငံကုန်သည်၊ စက်မှုအသင်းချုပ်ရုံး၌ ပြုလုပ်မည် ဖြစ်သည်။
‘‘သံအမတ်ကြီး ကိုယ်တိုင် ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင် တွေနဲ့တွေ့ဖို့ တောင်းဆိုထားပါ တယ်’’ဟု မြန်မာနိုင်ငံကုန်သည်၊ စက်မှုအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက ပြောသည်။
အမေရိကန် ကုမ္ပဏီများ လာရောက်ခြင်းသည် နိုင်ငံရေးအရ မြန်မာနိုင်ငံကို ပစ်ပယ်မထား ကြောင်း ပြသခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။
ကုမ္ပဏီများက မြန်မာနိုင်ငံ သို့ လာရောက်ရင်းနှီးမြှုပ်နှံရန် ပြင်ဆင်နေသကဲ့သို့ လာမည့်ဇွန် လ၌ ၀ါရှင်တန်ဒီစီတွင် ပြုလုပ်မည့် အမေရိကန်ရင်းနှီးမြှုပ်နှံမှု ဆွေးနွေးပွဲ၌ မြန်မာနိုင်ငံမှ စီးပွား ရေး လုပ်ငန်းရှင်များကို အမေရိကန်သံအမတ်ကြီးက ဖိတ်ခေါ်ထားသည်။
မြန်မာနိုင်ငံ၏ ကုန်သွယ်ရေးတွင် အားနည်းချက်များရှိနေသော ဆိပ်ကမ်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ရန် အမေရိကန်သံအမတ်ကြီးက ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ပြီးခဲ့သည့် ဖေဖော်ဝါရီဒုတိယပတ်က နှစ်ကြိမ် ဆွေးနွေးခဲ့သည်။ ငွေကြေးကဏ္ဍအပါအ၀င် အခြားရင်းနှီးမြှုပ်နှံမှုများကို အ မေရိကန်ကုမ္ပဏီများက မြန်မာနိုင်ငံတွင် ဆောင်ရွက်လိုကြောင်း ကို ဖေဖော်ဝါရီ ၁၄ ရက်၌ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌနှင့် အသင်းဝင်များအား အမေရိကန် သံအမတ်ကြီးက လာရောက်ရှင်းပြခဲ့သည်။
GE, Pepsi, Coca Cola, KFC စသော ကုမ္ပဏီများအပါအ၀င် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ် နှံထားသည့် အမေရိကန် ကုမ္ပဏီ စုစုပေါင်း ၂၀ ၊ ဒေါ်လာသန်း ၄၃၀ ကျော် ရှိသည်။
Credit: 7Daydaily