ပြည်ပ အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
ကမ္ဘာကျော် တင်းနစ်ကြယ်ပွင့် ဆရီနာ ဝီလျံစ်သည် အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိမြို့ရှိ စံအိမ်ကို ကန်ဒေါ်လာ ၈ သန်းကျော်ဖြင့် ရောင်းထွက်သွားပြီဖြစ်ကြောင်း နယူးယောက်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက် တစ်ခုတွင် ဖော်ပြသည်။
ဆရီနာဝီလျံသည် လော့စ်အိန်ဂျလိမြို့၊ ကမ္ဘာကျော်များစုဝေးရာ ဘဲလ်အဲရ်အရပ်ရှိ စံအိမ်ကို ၂၀၁၇ ခုနှစ်အတွင်း ပထမဆုံး အရောင်းဈေးကွက်တင်ခဲ့ဖူးသည်။
လွန်ခဲ့သော ၁၈ လခန့်ကတည်းက ဈေးကွက်တင်ခဲ့သည့် နေအိမ်မှာ ပြီးခဲ့သော သောကြာနေ့က ကန်ဒေါ်လာ ၈ ဒသမ ၁ သန်း ကျော်ဖြင့် ရောင်းထွက်သွားပြီ ဖြစ်သည်။
ဆရီနာဝီလျံသည် အဆိုပါနေအိမ်ကို ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလအတွင်း စတင်ဈေးကွက်တင်ခဲ့ပြီး ထိုစဉ်က ခေါ်ဈေးမှာ ကန်ဒေါ်လာ ၁၂ သန်းဖြစ်သည်။
နောက်ဆုံးဈေးကွက်တင်ခဲ့သည်မှာမူ ယခုနှစ် ဇန်နဝါရီလအတွင်းဖြစ်ပြီး ခေါ်ဈေးမှာ ကန်ဒေါ်လာ ၉ ဒသမ ၉၉၅ သန်း ဖြစ်ကြောင်း ဈေးကွက်မှတ်တမ်းများတွင် ဖော်ပြသည်။
အရောင်းအဝယ်ဖြစ်သွားသည့် ဈေးနှုန်းမှာ ခေါ်ဈေးအောက် နည်းပါးသော်လည်း ဆရီနာ ဝီလျံအတွက်မူ အရှုံးမပေါ်ခဲ့ချေ။
အသက် ၃၇ နှစ်ရှိပြီဖြစ်သော ဆရီနာဝီလျံက အဆိုပါနေအိမ်ကို ၂၀၀၆ ခုနှစ်အတွင်း ကန်ဒေါ်လာ ၆ ဒသမ ၆၂ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ရာ ကန်ဒေါ်လာ တစ်သန်းခွဲနီးပါး မြတ်စွန်းသည်ဟု ဆိုနိုင်သည်။
ဝယ်လက်ဘက်မှ အကျိုးဆောင်ဖြစ်သူမှာ Westside Estate Agency မှ ဖရက်ဒ် ဘန်းစတိန်းဖြစ်ပြီး ဝယ်လက်မည်သူဖြစ်သည်ကို ၎င်းက ထုတ်ဖော်ပြောကြားထားခြင်း မရှိချေ။
သို့ရာတွင် ဝယ်လက်က ယခုနေအိမ်ကို စိတ်ဝင်စားနေသည်မှာ ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း ထုတ်ဖော်ပြောကြားထားသည်။
“သူတို့က ဒီအိမ်ကို သဘောကျတယ်။ ဒီအိမ်ဟာ Stone Canyon အရပ်မှာ အကြီးမားဆုံးနေအိမ်တွေထဲမှာ အပါအဝင်ဖြစ်ပါတယ်”ဟု ဘန်းစတိန်းက ပြောကြားသည်။
ဆရီနာ ဝီလျံအတွက် အကျိုးဆောင်ပြုလုပ်ပေးခဲ့သည်မျာ ကယ်လာ ဝီလျံစ် ဘီဗာလီဟေးလ်စ်ကုမ္ပဏီမှ ဂရီဂိုရီ ပီချိုတာနှင့် အေမစ် လာဂျီတို့ ဖြစ်ကြသည်။
စံအိမ်ကို ၁၉၃၅ ခုနှစ်တွင် ဆောက်လုပ်ခဲ့ပြီး အကျယ်အဝန်း စတုရန်းပေ ၆၁၀၁ ရှိသည်။
ခြံအကျယ်အဝန်းမှာ ၂ ဒသမ ၇၆ ဧကဖြစ်ပြီး နေအိမ်အတွင်း အိပ်ခန်း ၆ ခန်း၊ ရေချိုးခန်း ၇ ခန်း ပါဝင်သည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)