ပြည်ပ အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
ပြင်သစ်နိုင်ငံ၏ အချမ်းသာဆုံးမိသားစု ၃ ခုသည် တိုင်းပြည်၏ အထင်ကရပြယုဂ်တစ်ခုဖြစ်သော နော်တာဒိမ်း ဘုရားကျောင်းကြီး ပြန်လည်ဆောက်လုပ်ရေးအတွက် ကန်ဒေါ်လာ သန်း ၇၀၀ ရန်ပုံငွေမတည်ရန် စီစဉ်လာကြသည်။
ကမ္ဘာကျော် ဖက်ရှင်နှင့် အလှကုန်အမှတ်တံဆိပ်များဖြစ်သော LVMH Group, Kering နှင့် L'Oreal တို့က ယူရို သန်း ၅၀၀ (ကန်ဒေါ်လာ ၅၆၅ သန်း) ထည့်ဝင်မတည်ကြရန် ကတိကဝတ်ပြုခဲ့ကြသည်။ LVMH (LVMHF) ၏ အမှုဆောင်အရာရှိချုပ် ဘားနတ် အာနော့ထ်က ယူရို သန်း ၂၀၀ (ကန်ဒေါ်လာ ၂၂၆ သန်း) မတည်လှူဒါန်းမည်ဟု ကတိကဝတ်ပြုခဲ့သည်။
အလားတူပင် L'Oreal (LRLCF) ကို ပိုင်ဆိုင်သော ဘက်တန်ကော့ထ် မိုင်ယာစ်မိသားစုကလည်း ယူရို သန်း ၂၀၀ ထည့်ဝင်လှူဒါန်းမည် ဖြစ်သည်။
တန်ဖိုးကြီးအလှကုန်အမှတ်တံဆိပ် Kering (PPRUF) ကို ပိုင်ဆိုင်သော The Pinault မိသာားစုကလည်း ယူရို သန်း ၁၀၀ (ကန်ဒေါ်လာ ၁၁၃ သန်း) လှူဒါန်းမည် ဖြစ်သည်။
နော်တာဒိမ်းဘုရားကျောင်းကြီး ကြောက်မက်ဖွယ်မီးသင့်ခဲ့ပြီးနောက်ပိုင်း ဖက်ရှင်ထိပ်သီးဘီလျံနာမိသားစု ၃ ခုက ၎င်းတို့၏ မျိုးချစ်စိတ်ကို ထုတ်ဖော်ပြသလိုက်ခြင်းလည်း ဖြစ်သည်။
အခြားသော ပြင်သစ်ထိပ်သီးကုမ္ပဏီများကလည်း လှူဒါန်းမှုများ ပြုလုပ်မည်ဟု ကတိပြုထားကြရာ ရေနံနှင့် သဘာဝဓာတ်ငွေ့ ကုမ္ပဏီ Total (TOT) က ပေါင် သန်း ၁၀၀ (ကန်ဒေါ်လာ ၁၁၃ သန်း)၊ နည်းပညာနှင့် အတိုင်ပင်ခံကုမ္ပဏီ Capgemini က ယူရို ၁ သန်း (ကန်ဒေါ်လာ ၁ ဒသမ ၁ သန်း) ထည့်ဝင်မည်ဟု ကတိပြုထားကြသည်။
ထို့အပြင် ပြင်သစ်ဘဏ်ကြီး Crédit Agricole အပါအဝင် အခြားသောကုမ္ပဏီများမှ လှူဒါန်းထည့်ဝင်မည်ဟု ကတိပြုမှုအားလုံး စုပေါင်းလိုက်လျှင် စုစုပေါင်းငွေပမာဏမှာ ကန်ဒေါ်လာ သန်း ၇၀၀ ခန့်ရှိသည်။
ကမ္ဘာကျော်ဖက်ရှင်အမှတ်တံဆိပ်များဖြစ်သည့် Louis Vuitton, Christian Dior နှင့် Givenchy တို့ကို ပိုင်ဆိုင်သော LVMH (LVMHF) ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ကုမ္ပဏီ၏လှူဒါန်းမှုသည် တမျိုးသားလုံး၏ ပူဆွေးသောကနှင့် ထပ်တူစည်းလုံးမှုကို ပြသခြင်းဖြစ်ပြီး အလှူငွေများကို သာမာန်မဟုတ်သည့်ဘုရားကျောင်းကြီး ပြန်လည်တည်ဆောက်ရေးအတွက် အသုံးပြုသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
နော်တာဒိမ်းသည် ပြင်သစ်၏ အမွေအနှစ်၊ စည်းလုံးမှု၏ပြယုဂ်တစ်ခုဖြစ်ကြောင်းလည်း LVMH (LVMHF) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
LVMH (LVMHF)၏ အမှုဆောင်အရာရှိချုပ် အာနော့ထ်သည် ကမ္ဘာပေါ်တွင် တတိယမြောက်အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ကြောင်း ဘလွန်းဘာ့ဂ်ျက ဖော်ပြသော ဘီလျံနာညွှန်းကိန်းတွင် ဖော်ပြသည်။
သူ၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၉၀ ဒသမ ၄ ဘီလီယံခန့်ရှိသည်ဟု ခန့်မှန်းထားပြီး ဝါရင်ဘူဖေးနှင့် မာ့ခ် ဇက်ကာဘာ့ဂ်ျတို့ထက် များပြားသည့် ပမာဏဖြစ်သည်။
LVMH (LVMHF) သည် ဖက်ရှင်လုပ်ငန်းအပြင် တန်ဖိုးကြီး ယမကာအမှတ်တံဆိပ်များဖြစ်သော Dom Pérignon, Hennessy နှင့် Veuve Clicquot တို့လည်း ထုတ်လုပ်သေးသည်။
Kering သည် ကမ္ဘာကျော်အမှတ်တံဆိပ်များဖြစ်သော Gucci နှင့် Yves Saint Laurent တို့ကို ထုတ်လုပ်ပြီး ပထမဆုံးလှူဒါန်းမှု ပြုလုပ်လာသည့်ကုမ္ပဏီလည်း ဖြစ်သည်။
“ဒီဖြစ်ရပ်ကြီးအား ပြင်သစ်တစ်မျိုးသားလုံးကို အထိနာစေပါတယ်။ ဒါ့အပြင် spiritual values တွေကိုလည်း ထိခိုက်စေခဲ့ပါတယ်”ဟု Kering ၏ အမှုဆောင်အရာရှိချုပ် ဖရန်ဆွာ-ဟင်နရီ ပီးနော့ထ်က ပြောကြားသည်။
“ဒီအဖြစ်ဆိုးကြီးနဲ့ ရင်ဆိုင်ရတဲ့အခါမှာ လူတိုင်းဟာ ကျွန်တော်တို့ရဲ့ အမွေအနှစ် ရတနာကို အတတ်နိုင်ဆုံး အဆောတလျင် ပြန်လည်သက်ဝင်လာနိုင်စေဖို့ ဆန္ဒရှိကြပါတယ်”ဟုလည်း ဘီလျံနာသူဌေးကြီး ဖရန်ဆွာ ပီးနော့ထ်၏ သားဖြစ်သူ ဟင်နရီ ပီးနော့ထ်က ဆက်လက်ပြောကြားသည်။
ဘလွန်းဘာ့ဂ်ျ၏ ဖော်ပြချက်အရ ပီးနော့ထ်မိသားစု၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၃၇ ဒသမ ၃ ဘီလီယံဖြစ်သည်ဟု ခန့်မှန်းထားသည်။
ဖရန်ဆွာ-ဟင်နရီ ပီးနော့ထ်သည် မိသားစုကြီး၏ စီးပွားရေးလုပ်ငန်းများကို ကွပ်ကဲနေပြီး ကမ္ဘာကျော်ရုပ်ရှင်မင်းသမီး ဆယ်လ်မာ ဟေးယက်ခ်နှင့် လက်ထပ်ထားသူလည်း ဖြစ်သည်။
ကမ္ဘာကျော်ဖက်ရှင်အမှတ်တံဆိပ်များဖြစ်သော Alexander McQueen နှင့် Balenciaga တို့ကိုလည်း Kering က ပိုင်ဆိုင်ထားသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)