ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
ကမ္ဘာကျော် တရုတ်နိုင်ငံသား၊ ဟောင်ကောင်ရုပ်ရှင် ဒါရိုက်တာ၊ သရုပ်ဆောင် ဂျွန်ဝူးက အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျလိရှိ နေအိမ်ကို ကန်ဒေါ်လာ ၅ ဒသမ ၄၂ သန်းဖြင့် ရောင်းချလိုက်ပြီ ဖြစ်သည်။
ဂျွန်ဝူးသည် အဆိုပါနေအိမ်ကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ကန်ဒေါ်လာ ၇ ဒသမ ၅ သန်းဖြင့် အရောင်းကွက်တင်ထားခဲ့ပြီး ရောင်းမထွက်ခဲ့ဘဲ ယခုအခါ ကန်ဒေါ်လာ ၂ သန်းကျော် လျှော့ချပေးလိုက်မှ ရောင်းထွက်သွားခြင်းလည်း ဖြစ်သည်။
ဈေးကွက်တင်ပေးသည့်အကျိုးဆောင်များမှာ Coldwell Banker မှ အလီ ရာဆက်ခီနှင့် Omega Realty Co. မှ တိုနီယာတို့ ဖြစ်ကြပြီး တိုနီယာမှာ ဝယ်လက်ဘက်မှ အကျိုးဆောင်ဖြစ်သည်။
ဝယ်လက်မည်သူဖြစ်သည်ကိုမူ မသိရသေးဘဲ ဂျွန်ဝူး၏ လော့စ်အိန်ဂျလိအခြေစိုက် Lion Rock Productions ကုမ္ပဏီကလည်း သတင်းစုံစမ်းမှုများအပေါ် ပြန်လည်ဖြေကြားခြင်း မရှိသေးဟုဆိုသည်။
မစ္စတာ ရာဆက်ခီက ပြောကြားရာတွင် ပစိဖိတ်ပါလစ်ဆိတ်၌ တန်ဖိုးကြီးဒေသတစ်ခုဖြစ်သော Riviera ရှိ နေအိမ်ကို ဂျွန်ဝူး ဝယ်ယူခဲ့ ရခြင်း၏ အကြောင်းရင်းမှာ စည်းရိုးခတ် အိမ်ရာဝန်းတစ်ခုအတွင်း တည်ရှိခြင်းကြောင့် တစ်ကိုယ်ရည်လုံခြုံမှု အပြည့်ရှိသည့် အပြင် တောင်ကုန်းကလေးတစ်ခုပေါ်တွင် တည်ရှိခြင်းကြောင့် အိမ်နီးချင်းနေအိမ်များထက် ပိုမိုမြင့်မားနေရာ ပင်လယ်နှင့် မြို့ကြီး၏ ရှုမျှော်ခင်းများကို ကြည့်ရှုခံစားနိုင်သည့် အခွင့်အလမ်းရှိခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။
ဂျွန်ဝူးသည် ဟောင်ကောင်နှင့် ဟောလိဝုဒ် ရုပ်ရှင်နယ်နှစ်ခုလုံးတွင် ကျင်လည်ခဲ့ပြီး ဟောလိဝုဒ်တွင် ထုတ်လုပ်ခဲ့သော “Broken Arrow” (၁၉၉၆ ခုနှစ်) “Face/Off” (၁၉၉၇) နှင့် “Mission Impossible II” (၂၀၀၀) တို့မှာ ကမ္ဘာကျော်သည်။
ဟောင်ကောင်ရုပ်ရှင်လောကတွင် သူ၏အထင်ရှားဆုံးရုပ်ရှင်များမှာ “A Better Tomorrow” (၁၉၈၆) နှင့် မကြာသေးမီက ထုတ်လုပ်ခဲ့သော “Red Cliff” (၂၀၀၉) တို့ ဖြစ်ကြသည်။
နေအိမ်အကျယ်အဝန်းမှာ စတုရန်းပေ ၄၅၅၅ ရှိပြီး အိပ်ခန်း ၄ ခန်းနှင့် ရေချိုးခန်း ၅ ခန်းပါဝင်ကာ ၁၉၅၅ ခုနှစ်အတွင်း ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။
ခြံဝန်းအကျယ်မှာ တစ်ဧက၏ သုံးပုံတစ်ပုံခန့်ရှိပြီး မီးလင်းဖို၊ ရေချိုးခန်းတို့ ပါဝင်သော ဧည့်ဂေဟာအိမ်တစ်လုံးလည်း ပါဝင်သေးသည်။
နေအိမ်အတွင်း ဘုရားကျောင်းမျက်နှာကြက်ဟန် ဆောက်လုပ်ထားသည့် ကြီးမားသောဧည့်ခန်း၊ လသာဆောင်တစ်ခုသို့ ရောက်ရှိနိုင်သည့် ညစာစားခန်း၊ မီဒီယာခန်းမ၊ ယောဂခန်းမ၊ မီးလင်းဖိုတစ်ခုပါသည့် မိသားစုနားနေခန်းနှင့် တွဲလျက်တည်ရှိသော master bedroom ၊ အဝတ်အစားထားသိုခန်းများ၊ ပင်လယ်နှင့် လော့စ်အိန်ဂျလိကို စီးမိုးတွေ့မြင်နိုင်သည့် လသာဆောင်တစ်ခုတို့လည်း ပါဝင်သည်။
အိမ်ခြံမြေ မှတ်တမ်းများအရ ဂျွန်ဝူး (ယခုအခါ အသက် ၇၂ နှစ်ရှိပြီဖြစ်) သည် အဆိုပါနေအိမ်ကို ၂၀၀၄ ခုနှစ်အတွင်း ကန်ဒေါ်လာ ၄ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
ဂျွန်ဝူးသည် ၂၀၁၃ ခုနှစ်အတွင်းကလည်း ကယ်လီဖိုးနီးယားပြည်နယ်၊ ဘရန့်ဝုဒ်ရှိ နေအိမ်တစ်လုံးကို ကန်ဒေါ်လာ ၂ ဒသမ ၇ သန်းဖြင့် ရောင်းချခဲ့သေးသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)