ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
မြန်မာ့နိုင်ငံရဲ့စတော့ရှယ်ယာဈေးကွက် တိုးတက်လာဖို့ အတွက် ပြည်တွင်းထိပ်ပိုင်းလုပ်ငန်းရှင်တွေ ဝင်ရောက် ရင်းနှီးမြှုပ်နှံဖို့ လိုတယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ စတော့ရှယ်ယာဈေးကွက်မှာ ပုံမှန်အရောင်းအဝယ်သာဖြစ်နေပြီး ဒီအခြေအနေကနေ တိုးတက်ဖို့ရင်းနှီးမြှုပ်နှံမှု လိုအပ်ပြီး စာရင်းကုမ္ပဏီတွေတိုးတက်လာဖို့လိုတယ်လို့ Myanmar Securities Exchange Center (MESC) ရဲ့ မန်နေဂျာဖြစ်သူ ဒေါ်ဝင်းမေအောင်က ပြောပါတယ်။
ဒါပေမယ့် ဈေးကွက်ထဲကို ရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်ဖို့ ကြိုးပမ်းတဲ့အခါမှာတော့ အခက်အခဲ တွေရှိနေတယ်လို့ လည်းဆိုပါတယ်။
စတော့အိတ်ချိန်း စာရင်းဝင်ကုမ္ပဏီအဖြစ် ဝင်ရောက်လိုတဲ့ ကုမ္ပဏီဟာ ရန်ကုန်စတော့အိတ်ချိန်းကို စာရင်းဝင်ဖို့ လျှောက်ထားတဲ့နေ့မှာ မတည်ရင်းနှီးငွေအနည်းဆုံး ကျပ်သန်း ၅၀၀ ရှိထားရမှာပါ။
ဒါ့အပြင် လျှောက်ထားတဲ့ နေ့မတိုင်မီ အနည်းဆုံး ၂ နှစ်တာကာလအတွင်း လုပ်ငန်းအမြတ်ရရှိထားရမယ်ဆိုတဲ့ အချက်အပါအဝင် သတ်မှတ်ထားတဲ့ အချက် ၁၇ ချက်နဲ့ ကိုက်ညီရမှာပါ။
လက်ရှိမှတော့ စာရင်းဝင်ကုမ္ပဏီတွေ ပိုမိုဝင်ရောက်လာနိုင်ဖို့အတွက် စံသတ်မှတ်ချက်တွေထဲက အချက်တစ်ချို့ကို ပြင်ဆင်မှုတွေ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံအတွင်း စတော့ရှယ်ယာဈေးကွက်ကို ၂၀၁၆ ခုနှစ်က စတင်အကောင်အထည်ဖော်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ စာရင်းဝင်ကုမ္ပဏီ ၅ ခုက ရှယ်ယာတွေကို ရောင်းချပေးနေပေမယ့် စိတ်ပါဝင်စားတဲ့ ပြည်သူတွေနည်းပါးနေသေးတယ်လို့လည်း သိရပါတယ်။
နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com