ပြည်ပ အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
အမေရိကန်ပြည်ထောင်စု၊ နီဗားဒါးပြည်နယ်၊ လာ့စ်ဗီးဂပ်စ်မြို့တွင် မင်္ဂလာအခမ်းအနားများကျင်းပရာ ဘုရားကျောင်းကြီး ကန်ဒေါ်လာ ၁၂ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာသည်။
အဆိုပါဘုရားကျောင်းသည် ရုပ်သံဇာတ်လမ်းတွဲများ၊ ရုပ်ရှင်များတွင် အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ထည့်သွင်းရိုက်ကူးခြင်းခံခဲ့ ရသည့်နေရာတစ်ခု ဖြစ်သည်။
ထို့အပြင် ဖရန့်ခ် စီနာထရာ၊ ဂျူဒီ ဂါလန်နှင့် ဘရစ်တ်နေစပီးယားတို့၏ မင်္ဂလာအခမ်းအနားများ ကျင်းပခဲ့သည့်နေရာလည်း ဖြစ်၏။
ယခုအခါ ကန်ဒေါ်လာ ၁၂ သန်းဈေးခေါ်ကာ ရောင်းချလာသည်။
Little White Chapel ဟု အမည်ပေးထားသော အဆိုပါဘုရားကျောင်းကို ၁၉၅၁ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး နောက်ပိုင်းတွင် “Tunnel of Love” ဟူသော လက်ထပ်မင်္ဂလာဘုရားကျောင်း တိုးချဲ့ဆောက်လုပ်ခဲ့သည်။
ပိုင်ရှင်မှာ ချားလော့ထ် ရစ်ချတ်ဆိုသူဖြစ်ပြီး ဘုရားကျောင်းကို ၆၈ နှစ်ခန့် ပိုင်ဆိုင်လည်ပတ်ခဲ့သည်။
ရစ်ချတ်က ကန်ဒေါ်လာ ၅၀၀၀၀ ဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ဝယ်ယူခဲ့စဉ်က အခန်းတစ်ခန်းသာ ပါဝင်ခဲ့သည်။
နောက်ပိုင်းတွင်မူ မွမ်းမံဖြည့်စွက်ဆောက်လုပ်မှုများစွာပြုလုပ်ခဲ့သည်။
မင်္ဂလာအခမ်းအနားတွင် ချက်ချင်းဝတ်ဆင်နိုင်မည့် ဝတ်စုံများ၊ ညစာစားပွဲဝတ်စုံများ ငှားရမ်းပေးခြင်း၊ ပန်းပြင်ဆင်ခြင်း ဝန်ဆောင်မှုပေးခြင်း၊ အဲလ်ဗစ်ပရက်စလေဟန် ဝတ်ဆင်ထားသူတို့၏ သီဆိုဖျော်ဖြေမှုများ၊ မင်္ဂလာအခမ်းအနား လက်ခံကျင်းပပေးခြင်းများ ပြုလုပ်ခဲ့သည်။
ဘုရားကျောင်း အဆောက်အအုံ ၅ ခုပါဝင်ပြီး အချို့ကို နာမည်ကျော်တို့အတွက်နှင့် အချို့ကို သာမာန်ပုဂ္ဂိုလ်တို့ မင်္ဂလာဆောင်ကျင်းပရန် အသုံးပြုသည်။
Little White Chapel တွင် Patty Duke, James Caan, Rita Hayworth, Mickey Rooney (twice), Michael Jordan, Mary Tyler Moore, and even Paul Newman and Joanne Woodward တို့အပြင် အခြားနာမည်ကျော်များစွာလည်း ထိမ်းမြားမင်္ဂလာဆောင်နှင်း ခဲ့ကြဖူးသည်။
ပိုင်ရှင်က ပြောကြားရာတွင် သူမ၏ ဘုရားကျောင်းမှ ဝန်ထမ်းများသည် ပျော်ရွှင်နေကြသော စုံတွဲပေါင်း ၁ သန်းကျော်၏ ထိမ်းမြားမင်္ဂလာပွဲများကို တွေ့ကြုံခဲ့ပြီးဖြစ်ကြောင်း ပြောကြားသည်။
ယခုဘုရားကျောင်းတွင် စစ်သည်တို့ ထိမ်းမြားမင်္ဂလာဆောင်နှင်းပါက အခကြေးငွေ တောင်းခံခဲ့ခြင်းမရှိကြောင်းလည်း ၎င်းက ပြောကြားသည်။
“ကျွန်မအနေနဲ့ အနားယူဖို့ လိုနေပါပြီး။ တခြားတစ်ဦးကို လွှဲပြောင်းလုပ်ကိုင်စေမှာပါ”ဟု ရစ်ချတ်က ပြောကြားသည်။
ဘုရားကျောင်းခြံဝန်းအကျယ်မှာ ၁ ဧကခန့်ရှိပြီး Savi Realty အိမ်ခြံမြေကုမ္ပဏီမှ အကျိုးဆောင်ဖြစ်သူ စတိဗ် ခါလီဇာဒီဂန်က ဈေးကွက်တင်ပေးထားသည်။
မကြာသေးမီက အဆိုပါဒေသအနီးဝန်းကျင်ရှိ မြေကွက်တစ်ခုကို တစ်ဧကလျှင် ကန်ဒေါ်လာ သန်း ၃၀ ဖြင့် အရောင်းဈေးကွက်ရောက်ရှိခဲ့ဖူးသည်။
“လည်ပတ်နေပြီးသား လုပ်ငန်းတစ်ခုရှိတဲ့အပြင် ကမ္ဘာကသိတဲ့နာမည်တစ်ခုရှိနေလျက်ရှိ ဒီဈေးနဲ့ အရောင်းတင်လာတဲ့အပေါ် ကျွန်တော်တော့ တော်တော်အံ့အားသင့်မိပါတယ်”အကျိုးဆောင် ခါလီဇာဒီဂန်က ပြောကြားသည်။
“လာ့စ်ဗီးဂပ်စ်ရဲ့ ဒီလိုအထင်ကရတစ်ခု အရောင်းဈေးကွက်ဝင်လာဖို့ဆိုတာ သိပ်ကို ရှားပါးပါတယ်”ဟု ခါလီဇာဒီဂန်က ဆက်လက်ပြောကြားသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)