ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့တွင် ပြီးခဲ့သောရက်ပိုင်းက ကမ္ဘာကျော် နော်တာဒိမ်းဘုရားကျောင်းကြီး အကြီးအကျယ်မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ၌ သစ်ဖြင့်အဓိကဆောက်လုပ်ထားသော စုလစ်မွမ်းချွန်ကြီး ပျက်စီးသွားခဲ့သည်။
ယခုအခါ အဆိုပါ စုလစ်မွမ်းချွန်ပြဿာဒ်ကြီးကို ပြန်လည်ဆောက်လုပ်ရန်အတွက် ဒီဇိုင်းပုံစံပြိုင်ပွဲ စတင်လက်ခံနေပြီဖြစ်ရာ ကမ္ဘာတစ်ဝန်းရှိ ဗိသုကာ ပညာရှင်များကို ပြိုင်ပွဲဝင်ရန် ဖိတ်ခေါ်ထားသည်။
ပြင်သစ်သမ္မတ အီမန်ညူယယ် မက်ခရွန်က တွစ်တာလူမှုကွန်ရက်တွင် ရေးသားခဲ့ရာ၌ ကျွန်ုပ်တို့၏ ခန္ဓာကိုယ်အစိတ်အပိုင်းအား မီးသင့်လောင်ခဲ့ပုံကို တွေ့မြင်ခဲ့ရခြင်းမျိုးဖြစ်သည်ဟု တင်စားပြောကြားခဲ့သည်။
နော်တာဒိမ်းဘုရားကျောင်းကြီးကို ၅ နှစ်အတွင်း ပြန်လည်မွမ်းမံဆောက်လုပ်သွားမည်ဟု မက်ခရွန်က တိုင်းပြည်သို့ ရုပ်မြင်သံကြား မိန့်ခွန်းတွင် ပြောကြားခဲ့သည်။
“ဗိုင်အိုလက်-လေ-ဒပ်ခ် မွမ်းမံဆောက်လုပ်ခဲ့တဲ့အတိုင်း ဒီပြဿာဒ်ကို ကျွန်တော်တို့ ပြန်ပြီးမွမ်းမံနိုင်မလားဆိုတာ ဒီပြိုင်ပွဲကနေ အဖြေရှာနိုင်မှာဖြစ်ပါတယ်”ဟု ပြင်သစ်ဝန်ကြီးချုပ် အီဒွါ့  ဖီလိ (Edouard Philippe) က သတင်းထောက်များကို ပြောကြားသည်။
ဝန်ကြီးချုပ် ဖီလိက ဆက်လက်ပြောကြားရာတွင် ပြဿာဒ်ကို မူလအတိုင်းပြန်လည်ဆောက်လုပ်မည်လော (သို့မဟုတ်) ခေတ်သစ် စိန်ခေါ်မှုများ၊ နည်းပညာများနှင့် သဟဇာတဖြစ်မည့် ဒီဇိုင်းသစ်မျိုးဖြင့် ပြန်လည်ဆောက်လုပ်မည်လောဟူသည်ကို ပြိုင်ပွဲဒီဇိုင်းများအရ ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ပြီးခဲ့သော တနင်္လာနေ့၊ ညပိုင်းက မီးသင့်လောင်ခဲ့မှုကြောင့် နော်တာဒိမ်းဘုရားကျောင်းကြီး၏ ပင်မပြဿာဒ်ကြီး ပြိုကျပျက်စီးသွားခဲ့ရသည်။
ကမ္ဘာကျော်ပြင်သစ်စာရေးဆရာကြီး ဗစ်တာဟူးဂိုးက ၁၈၃၁ ခုနှစ်တွင် ရေးသားခဲ့သော "The Hunchback of Notre Dame" ဝတ္ထုကြီးတွင် နော်တာဒိမ်းဘုရားကျောင်းကြီး၌ ဇာတ်အိမ်တည် ရေးသားခဲ့သည်။
(အဆိုပါဝတ္ထုကြီးကို ဆရာတက်တိုးက “ခါးကုန်းကြီး”ဟူသောအမည်ဖြင့် မြန်မာဘာသာသို့ ပြန်ဆိုထားပြီး ဖြစ်ပါသည်) အံ့ဖွယ်တိုက်ဆိုင်မှုတစ်ခုမှာ ဗစ်တာဟူးဂိုးသည် "The Hunchback of Notre Dame" ဝတ္ထုကြီးတွင် နော်တာဒိမ်းဘုရားကျောင်းကြီး မီးသင့်ခံရပုံကို ထည့်သွင်းရေးသားခဲ့ခြင်း ဖြစ်သည်။
နော်တာဒိမ်းဘုရားကျောင်းကြီးကို ၁၂ ရာစုတွင် စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ယခုမီးလောင်ပျက်စီးသွားသည့် ၉၃ မီတာ မြင့်မားသော စုလစ်မွန်းချွန်ပြဿာဒ်ကို ၁၈၀၀ ပြည့်လွန် အလယ်ပိုင်းကာလများတွင်မှ ဖြည့်စွက်ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)