ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
နိုင်ငံအတွင်း နိုင်ငံခြားသားအိမ်ပိုင်ဆိုင်မှုပမာဏအား အသေးစိတ်ဖော်ပြထားသည့် အစီရင်ခံစာတစ်စောင်စုစည်းရန် ဒေသဆိုင်ရာအစိုးရများအား ဗီယက်နမ်ဆောက်လုပ်ရေးဝန်ကြီးဌာနက တောင်းဆိုလိုက်ကြောင်း Vietnam News က ဖော်ပြခဲ့သည်။
နိုင်ငံခြားအဖွဲ့အစည်းများ၊ နိုင်ငံခြားသားများနှင့် ပြည်ပရောက်ဗီယက်နမ်နိုင်ငံသားများအား နိုင်ငံအတွင်းရှိ အိမ်များကို ဝယ်ယူပိုင်ဆိုင်ခွင့်ပေးသည့် အိမ်ရာဥပဒေအကောင်အထည်ဖော်ထားမှုအား ဆန်းစစ်ရာတွင် အဆိုပါအချက်အလက်ကို ဆောက်လုပ်ရေးဝန်ကြီးဌာနက အသုံးပြုမည်ဖြစ်သည်။
ဆောက်လုပ်ရေးဝန်ကြီးဌာနသည် လက်ရှိတွင် အိမ်ရာနှင့် အိမ်ခြံမြေကဏ္ဍတို့တွင် စီးပွားရေးဖူလုံမှုတိုးတက်ရေးဆိုင်ရာစီမံကိန်းတစ်ခုအား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
၎င်းအစီရင်ခံစာသည် ပြည်ပရောက်ဗီယက်နမ်နိုင်ငံသားများအပါအဝင် နိုင်ငံတွင်း အိမ်ပိုင်ဆိုင်မှုရှိသည့် နိုင်ငံခြားသားအရေအတွက်နှင့်ပတ်သက်သော အချက်အလက်များ ပါဝင်မည်ဖြစ်သည်။ အိမ်ရာဥပဒေမထုတ်ပြန်ခင်နှင့် ထုတ်ပြန်ပြီးနောက် နိုင်ငံခြားသားများဝယ်ယူထားသည့် အိမ်ခြံမြေအမျိုးအစားများနှင့် တည်နေရာအတိအကျတို့ကိုလည်း စိစစ်စူးစမ်းမည်ဖြစ်သည်။
ထို့ပြင် နိုင်ငံခြားသားများအား ဝယ်ယူခွင့်မပြုသည့် အိမ်ရာစီမံကိန်းများကိုလည်း ယင်းအစီရင်ခံစာက ဖော်ထုတ်မည်ဖြစ်ကြောင်း သိရသည်။
အိမ်ရာဥပဒေသည် စတင်အသက်ဝင်ခဲ့သည့် ၂၀၁၄ ခုနှစ်တွင် အိမ်ပိုင်ဆိုင်မှုစည်းမျဉ်းများကို ဖြေလျှော့ခဲ့သည်။ ယင်းက နိုင်ငံခြားသားများအား နေအိမ်ဝယ်ယူခွင့်ပြုပြီး နိုင်ငံခြားအဖွဲ့အစည်းများအား အိမ်ခြံမြေကဏ္ဍများတွင် ပိုမိုရင်းနှီးမြှုပ်နှံရန် အားပေးခဲ့သည်။
နိုင်ငံခြားသား ၈၀၀ ကျော်သည် အိမ်ပိုင်ဆိုင်မှုအထောက်အထားများအား ၂၀၁၇ ခုနှစ်မှစတင်ကာ ရရှိခဲ့ကြကြောင်း Vietnam News က အိမ်ရာနှင့် အိမ်ခြံမြေဈေးကွက်စီမံခန့်ခွဲမှုဌာနမှ အချက်အလက်များအား ကိုးကား၍ ဖော်ပြခဲ့သည်။
CBRE Vietnam က Vietnam News သို့ ပြောကြားချက်အရ ဟိုချီမင်းစီးတီးမြို့တွင် ၂၀၁၈ ခုနှစ် ပထမကိုးလတာအတွင်း နိုင်ငံခြားသားများ၏ အိမ်ဝယ်ယူမှုစုစုပေါင်း၏ ၃၁ ရာခိုင်နှုန်းမှာ တရုတ်နိုင်ငံသားများဖြစ်ပြီး ၁၉ ရာခိုင်နှုန်းမှာ တောင်ကိုရီးယားနိုင်ငံသားများဖြစ်ကာ ၁၀ ရာခိုင်နှုန်းမှာ ဟောင်ကောင်ဒေသခံများဖြစ်ပြီး အမေရိကန်နိုင်ငံသားများက ၃ ရာခိုင်နှုန်းရှိကြာင်း သိရသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)