ပြည်ပ အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ Long Island အရပ်မှ သာယာလှပသော North Fork ဒေသတွင် ရှေးဟောင်းသမိုင်းဝင် စပျစ်ခြံကြီးတစ်ခု အရောင်းဈေးကွက်ဝင်လာသည်။
စပျစ်ခြံကြီး၏ ပိုင်ရှင်မှာ ရုပ်ရှင်သမိုင်းတစ်လျှောက် အောင်မြင်မှုအရဆုံး ရုပ်ရှင်ဇာတ်ကားများတွင် တစ်ခုအပါအဝင်ဖြစ်သည့် ကမ္ဘာကျော် Lord of the Rings” trilogy ရုပ်ရှင်ထုတ်လုပ်ခဲ့သည့် New Line Cinema ကုမ္ပဏီ ဥက္ကဌ မိုက်ကယ်လင်းဖြစ်ပြီး ဝိုင်စက်ရုံများ၏ ပိုင်ရှင်လည်းဖြစ်ပြီး ယခုအခါ ဝယ်လက်ရှာဖွေလာခြင်း ဖြစ်သည်။
၉၅ ဧကကျယ်ဝန်းသော ခြံဝန်းကြီးတွင် ယာတောအိမ်တစ်လုံးနှင့် မြေကွက် ၅ ခု ပေါင်းစည်းပါဝင်ပြီး ခေါ်ဈေးမှာ ကန်ဒေါ်လာ ၁၇ ဒသမ ၉ သန်း ဖြစ်သည်။
ဤခြံဝန်းကြီးသည် Bedell Cellars ဝိုင်ကိုထုတ်လုပ်သည့်နေရာဖြစ်ပြီး Corey Creek Vineyards ဝိုင်စက်ရုံလည်း အရောင်းစာရင်းတွင် ပါဝင်သည်။
Bedell သည် ဒေသတွင်းတွင် ၃၅ နှစ်ခန့် ထုတ်လုပ်ခဲ့သည့် ဝိုင်ဖြစ်ပြီး မည်သည့်ဝိုင်နှင့်မျှမတူသည့် တမူထူးခြားသော နည်းလမ်းများဖြင့် ထုတ်လုပ်သည်ဟု ဆိုသည်။
အဆိုပါခြံထွက်ဝိုင်အရသာနှင့် စပ်လျဉ်း၏၍ ဆုတံဆိပ်များ၊ ချီးမွမ်းဝေဖန်မှုများစွာ ရရှိထားသည်။
ခြံဝန်းကြီးအတွင်း စပျစ်ခင်း ဧက ၅၀ နှင့် ဝိုင်စက်ရုံတို့ ပါဝင်ကာ ဝိုင်စက်ရုံတွင် အရသာစမ်းသပ်ခန်း၊ ထုတ်လုပ်ရေးပစ္စည်းများ၊ ထိန်းချုပ်လည်ပတ်ရာဂိုဒေါင်တစ်ခု၊ အသုံးမပြုရသေးသည့် လူနေဧရိယာမြေ ၄ ဧကတို့ ဖွဲ့စည်းပါဝင်သည်။
နေအိမ်ကိုမြေ ၂ ဒသမ ၆ ဧက အကျယ်အဝန်းပေါ်တွင် ဆောက်လုပ်ထားပြီး နေအိမ်အကျယ်အဝန်း ၁၈၀၀ စတုရန်းပေရှိကာ အိပ်ခန်း ၄ ခန်းပါဝင်သည်။
အဆိုပါနေအိမ်ကို အမျိုးသားသမိုင်းဝင်နေရာများ မှတ်ပုံတင်စာရင်းတွင် ဖော်ပြခံထားရသည်။
ပရိဘောဂအပြည့်အစုံထည့်သွင်းထားပြီး နေအိမ်တစ်ခုလုံးပြန်လည်မွမ်းမံထားပြီဖြစ်ကာ အတွင်းပိုင်းဒီဇိုင်းများကို ဗီစင်တီ ဝုဖ်က မွမ်းမံပေးထားခြင်းဖြစ်သည်။
ခြံဝန်းအတွင်း နှစ်ပေါင်း ၁၅၀ သက်တမ်းရှိ မေပယ်လ်ပင်ကြီးတစ်ပင်လည်း ပါဝင်ပြီး မြေယာအလှပြုပြင်မှုကို အက်ဒ် ဟော်လန်ဒါက ပြုလုပ်ပေးထားသည်။
Corey Creek Vineyards ဝိုင်စက်ရုံတွင် အခြားသောပစ္စည်းကိရိယာများနှင့် စပျစ်ခင်း ၂၃ ဧက ပါဝင်ပြီး အရသာစမ်းသပ်ခန်းနှင့် ပွဲလမ်းများကျင်းပရာ အဆောက်အအုံလည်း ပါဝင်သေးသည်။
Bedell ဝိုင်ခြံကြီးသို့ ဝိုင်အရသာမြည်းစမ်းရန် နှစ်စဉ်လာရောက်လည်ပတ်သူပေါင်း ၁၀၀၀၀၀ ကျော်ရှီပြီး နွေရာသီတိုင်းတွင် လူပေါင်း ၂၀၀ ကျော်တက်ရောက်သည့် မင်္ဂလာပွဲပေါင်း ၂၅ ခုခန့် လက်ခံကျင်းပပေးလေ့ရှိသည်။
Bedell စပျစ်ခြံကြီးတွင် ဝိုင်ကလပ်အဖွဲ့ဝင်ပေါင်း ၂၀၀၀ ကျော်ရှိပြီး အမေရိကရှိ ပြည်နယ်ပေါင်း ၁၂ ခုနှင့် နယူးယောက်မြို့မှ မန်ဟက်တန်၊ လောင်းအိုင်းလန်းနှင့် ဟမ့်ပ်တန်အရပ်တို့ရှိ စားသောက်ဆိုင်ပေါင်း ၂၅၀ ကျော်သို့ ဝိုင်များဖြန့်ဖြူးပေးနေရသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)