အာရှပစိဖိတ်ဒေသသည် စီးပွားရေးဖွံ့ဖြိုးမှု၌ အဓိကဇာတ်ကောင်တစ်ခုအဖြစ် ဆက်လက်ဖြစ်တည်လာခြင်းကြောင့် ၎င်းဒေသအိမ်ခြံမြေဈေးကွက်တွင် ရင်းနှီးမြှုပ်နှံမှုသည်လည်း အားကောင်းစွာမြင့်တက်လာသည်။
လက်ရှိတွင် အမေရိကန်ရင်းနှီးမြှုပ်နှံသူများသည် အာရှ-ပစိဖိတ်အိမ်ခြံမြေ ဈေးကွက်၏ ထိပ်တန်းဝယ်လက်များ ဖြစ်ကြသည်။
အမေရိကန်ရင်းနှီးမြှုပ်နှံသူများသည် ၂၀၁၉ ခုနှစ် ပထမသုံးလပတ်၌ အာရှပစိဖိတ်ရှိ ကုန်သွယ်ရေးအိမ်ခြံမြေများတွင် အကြီးဆုံးရင်းနှီးမြှုပ်နှံသူများ
ဖြစ်သည်ဟု နယူးယောက်အခြေစိုက်အချက်အလက်ပံ့
ပိုးရေးကုမ္ပဏီ Real Capital Analytics က ထုတ်ပြန်လိုက်ကြောင်း South China Morning Post ဟောင်ကောင်သတင်းစာက ဖော်ပြခဲ့သည်။
အာရှသို့ ငွေအလုံးအရင်းအကြီးမားဆုံးတင်ပို့သူများမှာ အမေရိကန်ရင်းနှီး မြှုပ်နှံသူများဖြစ်ကြောင်း Real Capital Analytics မှ အာရှပစိဖိတ်ရေးရာ အကြီးတန်းဒါရိုက်တာ ပီထရာဘလာဇကိုဗာက ပြောကြားခဲ့သည်။
ယခုနှစ် အာရှပစိဖိတ်အိမ်ခြံမြေဈေးကွက်များတွင် အမေရိကန်ရင်းနှီးမြှုပ်နှံမှုသည် အမေရိကန်ဒေါ်လာ ၃ ဒသမ ၂ ဘီလျံသို့ မြင့်တက်ခဲ့ကြောင်း အဆိုပါကုမ္ပဏီ၏ ထုတ်ပြန်ချက်အရ သိရသည်။
ဟောင်ကောင်က အမေရိကန်ဒေါ်လာ ၃ ဒသမ ၁ ဘီလျံဖြင့် အာရှပစိဖိတ်အိမ်ခြံမြေဈေးကွက်များသို့ ဒုတိယအများဆုံးရင်းနှီးမြှုပ်နှံသူဖြစ်ကာ စင်္ကာပူက အမေရိကန်ဒေါ်လာ ၆၃၆ သန်းဖြင့် တတိယအများဆုံးရင်းနှီးမြှုပ်နှံသူဖြစ်သည်။ သြစတြေးလျက အမေရိကန်ဒေါ်လာ ၅၂၈ သန်းဖြင့် စတုတ္ထအများဆုံးရင်းနှီးမြှုပ်နှံသူဖြစ်ပြီး တရုတ်ပြည်မကြီးက အမေရိကန်ဒေါ်လာ ၅၂၂ သန်းဖြင့် ပဉ္စမအများဆုံးရင်းနှီးမြှုပ်နှံသူဖြစ်သည်။
"အာရှပစိဖိတ်ဒေသက ကမ္ဘာ့ဖွံ့ဖြိုးမှုအင်ဂျင်ဖြစ်တာကြောင့် အာရှပစိဖိတ်မှာ ရင်းနှီးမြှုပ်နှံတာဟာ အမျိုးမျိုးအထွေထွေသော အကျိုးကျေးဇူးတွေ ရရှိပါတယ်။ အာရှပစိဖိတ်ကလည်း စွန့်စားမှုနဲ့ အမြတ်အစွန်းအဆင့်အမျိုးမျိုးရှိတဲ့ အမျိုးမျိုးအထွေထွေသောဈေးကွက်တွေကို ပေးပါတယ်။" ဟု JLL မှ အာရှပစိဖိတ်ငွေအရင်းအနှီးဈေးကွက်သုတေသနအကြီးအကဲ နီကိုးလက်စ်ဝီလ်ဆင်က ပြောကြားခဲ့သည်။
"အရှေ့တောင်အာရှ၊ တရုတ်နဲ့ အိန္ဒိယတို့မှာ ဖွံ့ဖြိုးမှုဈေးကွက်တွေ အများကြီးပိုရှိပါတယ်။ စင်္ကာပူ၊ ဟောင်ကောင်နဲ့ ရှန်ဟိုင်းတို့မှာဆို ဘဏ္ဍာရေးဗဟိုဌာနတွေရှိတာတွေ့ရပါတယ်" ဟု လည်း ဝီလ်ဆင်က ပြောကြားခဲ့သေးသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)