ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
အကျယ်အဝန်း- ၅၇၇၅ စတုရန်းပေ
၁ စတုရန်းပေ ကျသင့်ငွေ- ကန်ဒေါ်လာ ၈၄၈
အခန်း- ၁၀ ခန်း
အိပ်ခန်း- ၂ ခန်း
ရေချိုးခန်း- ၃ ခန်း
အရောင်းဈေးကွက်တွင် ရောက်ရှိနေသည့်ကာလ- ၁၅ ရက်
စပိုက်ခ်လီ၏ အမည်ရင်းမှာ ရှဲလ်တန် ဂျက်ခ်ဆင် စပိုက်ခ်လီဖြစ်ပြီး အမေရိကန်လူမျိုး ရုပ်ရှင်ဒါရိုက်တာ၊ ထုတ်လုပ်သူ၊ စာရေးဆရာ၊ ရုပ်ရှင်သရုပ်ဆောင်တစ်ဦးဖြစ်ကာ ၁၉၅၇ ခုနှစ်၊ မတ်လ ၂၀ ရက်တွင် မွေးဖွားသည်။
သူ၏ ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ 40 Acres and a Mule Filmworks သည် ၁၉၈၃ ခုနှစ်မှစတင်ကာ ရုပ်ရှင်ဇာတ်ကားပေါင်း ၃၅ ကားခန့် ထုတ်လုပ်ခဲ့သည်။
၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလတွင် စပိုက်ခ်လီသည် ရုပ်ရှင်လောကအတွင်း ဘဝတစ်လျှောက်ကြိုးပမ်းစွမ်းဆောင်ခဲ့မှုများအတွက် ဂုဏ်ထူးဆောင်အော်စကာဆု ရရှိခဲ့သည်။
ထို့အပြင် ၂၀၁၈ ခုနှစ်က ရုံတင်ခဲ့သော BlacKkKlansman ဇာတ်ကားဖြင့်လည်း အကောင်းဆုံးမှီငြမ်းရုပ်ရှင်ဆု ရရှိခဲ့သည်။
BlacKkKlansman ဇာတ်ကားသည် ဖြစ်ရပ်မှန်အပေါ်တွင် အခြေခံထားသည့် ရုပ်ရှင်ဖြစ်ပြီး ၁၉၇၀ ပြည့်လွန် ကာလများအတွင်း အမေရိကန်ပြည်ထောင်စု၊ ကော်လိုရာဒိုပြည်နယ်၊ Colorado Springs မြို့ကလေး၏ ရဲတပ်ဖွဲ့တွင် ပထမဆုံး လူမည်းရဲတပ်ဖွဲ့ဝင်ဖြစ်ခဲ့သူ Ron Stallworth ၏ ဘဝဇာတ်ကြောင်းကို အခြေခံရိုက်ကူးထားခြင်း ဖြစ်သည်။
ယခုအခါ ဒါရိုက်တာ စပိုက်ခ်လီ နေထိုင်ခဲ့ဖူးသော နယူးယောက်မြို့ မီးသတ်အဆောက်အအုံလူနေခန်း အရောင်းဈေးကွက် ဝင်လာသည်။
တည်နေရာမှာ နယူးယောက်မြို့၊ ဘရွတ်ကလင်းအရပ်၊ De Kalb ရိပ်သာလမ်း၊ အမှတ် ၁၂၄ တွင် တည်ရှိသည်။
၃ ထပ်အဆောက်အအုံဖြစ်ပြီး ၁၉၃၀ ပြည့်နှစ်တွင် ဆောက်လုပ်ခဲ့ကာ အဆောက်အအုံ၏ အကျယ်အဝန်း စတုရန်းပေ ၅၇၇၅ ၊ မျက်နှာစာ ၂၅ ပေ၊ အနံ ၇၇ ပေရှိသည်။
ဒါရိုက်တာ စပိုက်ခ်လီသည် အဆိုပါမီးသတ်အဆောက်အအုံကြီးရှိ အခန်းတစ်ခန်းကို ငှားရမ်းကာ သူ၏ရုပ်ရှင်ထုတ်လုပ်ရေး ကုမ္ပဏီကို ရုံးစိုက်ခဲ့ဖူးသည်။
ယခုအခါ ကန်ဒေါ်လာ ၄ ဒသမ ၉ သန်း ဈေးခေါ်ကာ အရောင်းဈေးကွက်သို့ ရောက်ရှိလာခြင်းလည်း ဖြစ်သည်။
ကား ၂ စင်းဆန့် ကားဂိုထောင်အပြင် မီးသတ်ဌာနအဖြစ် အသုံးပြုခဲ့သော အထိမ်းအမှတ်လက္ခဏာများလည်း ယနေ့တိုင် တွေ့မြင်နိုင်သေးသည်။
မီးသတ်ဌာနကို နေအိမ်အဖြစ်အသုံးပြုမှုမှာ ရှားပါးသော်လည်း နယူးယောက်တွင် မဖြစ်ဖူးသည့်အကြောင်းရပ်ကား မဟုတ်ချေ။
စီအင်န်အင်န်သတင်းဌာနမှ ရုပ်သံတင်ဆက်သူ အန်ဒါဆန် ကူးပါးသည်လည်း မန်ဟက်တန်ရပ်၊ အနောက် ၃ လမ်း၊ အမှတ် ၈၄ ရှိ မီးသတ်အဆောက်အအုံကို ၂၀၀၉ ခုနှစ်အတွင်း ကန်ဒေါ်လာ ၄ ဒသမ ၃ သန်းဖြင့် ဝယ်ယူခဲ့ဖူးသည်။
အရောင်းဈေးကွက်တင်ပေးသည်မှာ Citi Habitats ကုမ္ပဏီမှ အကျိုးဆောင် ဆာရာ အက်ဒ်လာဖြစ်သည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)