ပြည်ပ အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
အကယ်၍ သင့်အနေဖြင့် မြို့တစ်ခုလုံးကို ငွေအနည်းမျှဖြင့် ပိုင်ဆိုင်ခွင့်ရမည်ဆိုလျှင် အဘယ်ကြောင့် နယူးယောက်မြို့လယ် မန်ဟက်တန်အရပ်ရှိ တိုက်ခန်းတစ်ခန်းမျှကို ဒေါ်လာသန်းပေါင်းများစွာ အကုန်အကျခံကာ ဝယ်ယူနေပါဦးမည်နည်း။
ယခုအခါ အမေရိကန်ပြည်ထောင်စု၊ အင်ဒီယာနာပြည်နယ်တွင် လူဦးရေ ၃ ဦးသာနေထိုင်သည့် မြို့ငယ်ကလေးတစ်ခုလုံးကို ရောင်းချရန် အရောင်းဈေးကွက်ဝင်လာပြီ ဖြစ်ရာ သင့်အတွက် အခွင့်အရေးပင် ဖြစ်၏။
အဆိုပါ မြို့ငယ်တစ်ခုလုံးကို ကန်ဒေါ်လာ ၃ ဒသမ ၈ သန်းမျှသာ ဈေးခေါ်ထားပြီး မြို့၏ အမည်မှာ Story ဟုခေါ်သည်။
နယူးယောက်မြို့လယ်တွင် ကျဉ်းမြောင်းလှသည့် လူနေခန်းတစ်ခန်းအတွက် ပေးရမည့်ငွေပမာဏဖြင့် မြို့ငယ်တစ်ခုလုံး အပိုင်ရမည့် အခွင့်အရေးလည်း ဖြစ်သည်။
မြို့အကျယ်အဝန်းမှာ ၁၇ ဒသမ ၄ ဧကရှိပြီး ရှေးဟောင်းစတိုးဆိုင်တစ်ခု၊ ခြံစည်းရိုး ကာရံထားသော ကျယ်ဝန်းသည့် မြင်းစားကျက်များ၊ ဂျုံကြိတ်စက်ဟောင်းတစ်လုံး၊ စပါးကျီ အများအပြား၊ အငှားနေအိမ်ငယ်များနှင့် ၁၉ ရာစုနှစ် အဖီဆွဲနေအိမ် ၂ လုံးတို့ ပါဝင်သည်။
အဆိုပါမြို့ကလေးသည် အင်ဒီယာနာပြည်နယ်၏မြို့တော် အင်ဒီယာနာပိုလစ်၏ တောင်ဘက် တစ်နာရီခရီးသာဝေးကွာသော်လည်း ၂၀၁၈ ခုနှစ် သန်းကောင်စာရင်းအရ လူ ၃ ဦး၊ ခွေး ၄ ကောင်နှင့် တစ္ဆေတစ်ကောင်သာ နေထိုင်သည်ဟု ဆိုသည်။
မြို့ကလေးတွင် လုပ်ငန်းရှင်တစ်ဦးတည်းသာရှိပြီး Story အမည်ရှိ Inn ကို ဖွင့်လှစ်ထားသူ ရစ်ခ် ဟော့ဖ်စတက်တာဖြစ်ကာ အသက် ၆၂ နှစ်အရွယ်ရှိပြီဖြစ်သည်။
Story Inn သည် တည်းခိုညအိပ်ရန်နှင့် နံနက်စာဝန်ဆောင်မှု ပေးသည့်နေရာဖြစ်ပြီး အင်ဒီယာနာပြည်နယ်တွင် သက်တမ်းအရင့်ဆုံး Inn တစ်ခု ဖြစ်သည်။
မစ္စတာရစ်ခ်က Story Inn ကို ဆက်လက်ထိန်းသိမ်းထားလိုသော်လည်း အခြားသောအဆောက်အအုံများ စီမံခန့်ခွဲနေရသည့် တာဝန်ကို စွန့်လွှတ်လိုနေသည်။ ၂၀ ရာစု အစောပိုင်းကမူ Story မြို့ကလေးတွင် လူသူစည်ကားခဲ့ဖူးပြီး အခြေချနေထိုင်သူ ၁၇၅ ဦးအထိ ရှိခဲ့သည်။
ယင်းနောက်ပိုင်း မဟာစီးပွားပျက်ကပ်ကြီးကျရောက်လာချိန်တွင် Story မြို့ကလေးရှိ စိုက်ပျိုးရေးနှင့် စက်မူလုပ်ငန်းများစွာ ရပ်ဆိုင်း ပျောက်ကွယ်သွားခဲ့သည်။
ရစ်ခ် ဟော့ဖ်စတက်တာက လွန်ခဲ့သောနှစ်ပေါင်း ၂၀ ခန့် ဝယ်ယူပြီးသည့်အချိန်ကစပြီး Story မြို့ကလေးရှိ ၁၉ ရာစုနှစ် အဆောက်အအုံများကို ပြုပြင်မွမ်းမံထိန်းသိမ်းမှုများ ပြုလုပ်ကာ ဖြတ်သန်းကုန်ဆုံးခဲ့သည်။
နို့ထွက်ပစ္စည်းများ ထုတ်လုပ်သည့် စပါးကျီဟောင်းကြီးတစ်ခုကို မင်္ဂလာအခမ်းအနား ကျင်းပရာနေရာအဖြစ် ပြောင်းလဲထားသည်။
Story မြို့ကလေးကို လက်ရှိအချိန်တွင် အမျိုးသား သမိုင်းဝင်နေရာများ မှတ်ပုံတင်စာရင်းတွင် မှတ်တမ်းတင်ထားပြီး ဖြစ်သည်။
၁၈၅၁ ခုနှစ်အတွင်းက Story မြို့ကလေးမှာ များစွာလူသူစည်ကားခဲ့ပြီး စတိုးဆိုင်အများအပြား၊ ဘုရားကျောင်းတစ်ခု၊ စာသင်ကျောင်းအဆောက်အအုံတစ်ခု၊ ဂျုံစက်တစ်ခု၊ ပန်းပဲဖို၊ သားငါးဆိုင်နှင့် စာတိုက်တစ်ခုတို့ တည်ရှိခဲ့သည်။
မြို့ကလေးကို စတင်တည်ထောင်ခဲ့သူမှာ ဆရာဝန်တစ်ဦးဖြစ်သူ ဒေါက်တာ ဂျော့ခ်ျ စတိုရီဖြစ်သည်။
မဟာစီးပွားပျက်ကပ်ကြီးဆိုက်ရောက်ပြီးနောက်ပိုင်းကတည်းက Story မြို့ကလေးမှာ ပြန်လည်နာလံထူမလာတော့ချေ။
မြို့နေဒေသခံများစွာ ရွှေ့ပြောင်းသွားကြပြီး လူဦးရေများစွာကျဆင်းသွားသည်။
၁၉၇၀ ပြည့်လွန် နှောင်းပိုင်းကာလများတွင် ဇနီးမောင်နှံစုံတွဲတစ်ခုက စတိုးဆိုင်များမှတစ်ခုကို ညအိပ်ရန်နှင့် နံနက်စာဝန်ဆောင်မှု ပေးသည့် Story Inn အဖြစ် ပြောင်းလဲဖွင့်လှစ်ခဲ့ပြီး မြို့ကလေးအတွင်း ပြုပြင်မွမ်းမံပေးမှု များစွာပြုလုပ်ခဲ့သေးသည်။
သို့ရာတွင် ၁၉၉၂ ခုနှစ်တွင် အဆိုပါ Inn ကလေး ပိတ်သိမ်းသွားခဲ့သည်။
၁၉၉၉ ခုနှစ်တွင်ကား ရစ်ခ် ဟော့ဖ်စတက်တာ ရောက်ရှိလာပြီး တစ်မြို့လုံးကို ဝယ်ယူလိုက်ကာ ယနေ့တိုင် အခြေချနေထိုင်နေခဲ့သည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)