ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
ဒလမြစ်ကူးကြိုးတံတား၏ ရန်ကုန်ဘက်ခြမ်း ချဉ်းကပ်တံတားသုံးစင်း ပိုင်တိုင်များအတွက် နေရာတိုင်းတာ အမှတ်အသားများ ပြုလုပ်ခြင်းကို ဘုန်းကြီးလမ်းနှင့် ကမ်းနားလမ်းညဈေး တန်းတစ်လျှောက်တို့တွင် ဧပြီ ၉ ရက်နှင့် ၁ဝ ရက်တို့တွင် မြင်တွေ့ရသည်။
ယာဉ်ကြောနှစ်ကြောပါ တံတား အတက် ပင်မချဉ်းကပ်တံတားအတွက် ပိုင်တိုင်များကို ဘုန်းကြီးလမ်းတစ်လျှောက် ကမ်းနားလမ်းမှ ဗိုလ်ချုပ်လမ်းအတွင်း လမ်းလယ်တွင် နေရာတိုင်းတာ အမှတ်အသားများ ရေးဆွဲနေသည်ကို ဧပြီ ၉ ရက်က မြင်တွေ့ရပြီးညနေပိုင်းအချိန် ကမ်းနားလမ်း ညဈေးတန်းတစ်လျှောက် ဘုန်းကြီးလမ်းမှ၂၁ လမ်းထိပ် ဝန်းကျင် အထိ ဒလတံတားပေါ်မှ အဆင်းယာဉ်ကြာ တစ်ကြောပါ ချဉ်းကပ်တံတားပိုင်တိုင်များကို တိုင်းတာအမှတ်အသား ပြုလုပ်ခဲ့သည်ဟု လမ်းမတော်မြို့နယ်မှ စည်ပင်ဝန်ထမ်းတစ်ဦးက ပြောသည်။
ဧပြီ ၁၀ ရက် နံနက်ပိုင်းတွင် ဒလ တံတားအတက် ချဉ်းကပ်လမ်း ယာဉ်ကြောတစ်ကြောပါ တံတားအတွက် ပိုင်တိုင်တိုင်းတာ အမှတ်အသား ရေးဆွဲခြင်းကို ကမ်းနားလမ်းညဈေးတန်းတစ်လျှောက် ဘုန်းကြီးလမ်းမှ ၆ လမ်း ထိပ် ဝန်းကျင်အတွင်း မြင်တွေ့ရသည်။
တံတား၏ ပင်မချဉ်းကပ်လမ်းနှင့် လမ်းသွယ်နှစ်လမ်းတို့၏ တံတားပိုင်တိုင် အားလုံး ရန်ကုန်ဘက်ခြမ်းတွင် တိုင်းတာ အမှတ်အသားပြုလုပ်ခြင်း ပြီးစီးသွားရာ ချဉ်းကပ်လမ်းများ ပြုလုပ်ဆောင်ရွက်ခြင်းကိုလည်း မကြာမီမြင်တွေ့နိုင်မည်။ ချဉ်းကပ်လမ်းသုံးသွယ် တစ်လျှောက် လမ်းကြောင်းများသည် လက်ရှိ မြေအောက်ရေပိုက်လိုင်း မြစ်ရေထွက် ပေါက် မိလ္လာပိုက်လိုင်းများနှင့် လွတ်ကင်း ခြင်း ရှိ၊ မရှိ သိနိုင်ရန်သက်ဆိုင်ရာ စည်ပင် တာဝန်ရှိသူများပါ လိုက်ပါသည်ကို မြင်တွေ့ရသည်။ ကမ်းနားလမ်း ညဈေးတန်းဆိုင် အချို့နေရာတွင်ပါ ချဉ်းကပ်လမ်း တံတားပိုင်တိုင်အချို့ကျရောက်နေသည်ကို မြင်တွေ့ရသည်။
ကမ်းနားလမ်းသစ် ကွန်ကရစ် လမ်းဘေးအပြင် ကမ်းနားလမ်းဟောင်း ညဈေးတန်းအစပ် လမ်းတားတုံး အဝါ တန်းအပြင်အထိ အချို့ပိုင်တိုင်အမှတ် အသားပြုလုပ်ထားသည်ကို မြင်တွေ့ရသည်။ မော်တင်လူကူးခုံးကျော်တံတားမှာမူ ချဉ်းကပ်လမ်းတံတားအောက်တွင် ရှိနေသည့်အတွက် ထိခိုက်မှုမရှိဟု သိရသည်။
မလွတ်ကင်းသော ကမ်းနားလမ်း ညဈေးတန်းဆိုင်အချို့အနေဖြင့် ချဉ်းကပ် လမ်းတံတားပိုင်တိုင်များ တည်ဆောက်ချိန်တွင် နေရာပြောင်းရွှေ့ဖွင့်လှစ်လာရလိမ့်မည်ဟု ဈေးသည်တစ်ဦးက ပြောသည်။
Credit: Myanma Alinn