ပြည်ပ အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
အသက် ၈၃ နှစ်ရှိပြီဖြစ်သော မစ္စတာ ဂျက်ခ် ဝဲ့ခ်ျသည် ကမ္ဘာကျော် General Electric ၏ အမှုဆောင်အရာရှိချုပ်ဟောင်းတစ်ဦးဖြစ်၏။
ယခုအခါ မစ္စတာဝဲ့ခ်ျသည် နယူးယောက်မြို့ရှိ One Beacon Court ကွန်ဒိုမီနီယံရှိ အိပ်ခန်း ၄ ခန်းပါ ကွန်ဒိုခန်းကို ဝယ်ယူမည့် ဝယ်လက်ရှာဖွေတွေ့ရှိသွားပြီဖြစ်ကြောင်း နယူးယောက်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
One Beacon Court ကွန်ဒိုမီနီယံသည် နယူးယောက်မြို့၊ အရှေ့ ၅၈ လမ်း၊ အမှတ် ၁၅၁ တွင် တည်ရှိသည်။
ဂျက်ခ်ဝဲ့ခ်ျ၏ ကွန်ဒိုခန်းမှာ စတုရန်းပေ ၅၇၈၂ စတုရန်းပေ အကျယ်အဝန်းရှိပြီး အခန်း ၂ ခန်း ပေါင်းစည်းထားသည့်အခန်းဖြစ်ကာ တိုနီအင်ဂရာအိုက ဒီဇိုင်းရေးဆွဲပေးထားသည်။ ကွန်ဒိုခန်းအတွင်း နိုင်ငံခြားဖြစ် အနက်ရောင်သစ်သားများ၊ မဟူရာကျောက်၊ စကျင်ကျောက်တို့ ပေါများစွာ တွေ့ရသည်။
နောက်ဆုံးခေါ်ဈေးမှာ ကန်ဒေါ်လာ ၂၄ ဒသမ ၉ သန်းဖြစ်ပြီး ပြီးခဲ့သောနှစ်အတွင်းခေါ်ဈေးဖြစ်သော ၂၅ ဒသမ ၉ သန်းမှ ကန်ဒေါ်လာ တစ်သန်းလျော့ကျသွားသည်။ ယခုအရောင်းအဝယ်ကို Olshan Realty အိမ်ခြံမြေကုမ္ပဏီက ဧပြီ ၈ ရက်တွင် ပထမဆုံးသတင်းဖော်ပြခဲ့သည်။
ဈေးကွက်တင်ပေးခဲ့သည်မှာ Corcoran ကုမ္ပဏီမှ အကျိုးဆောင် ဒီဘိုရာ ဂရပ်ဘ်မန်း ဖြစ်သည်။
ကွန်ဒိုခန်းတွင် ၁၁ ပေမြင့်မားသော မျက်နှာကြက်များ၊ စားဖိုမှူးအဆင့်ကိုင်တွယ်နိုင်သည့် မီးဖိုဆောင်တို့ဖြင့် ဖွဲ့စည်းထားပြီး နယူးယောက်၏ အထင်ကရဖြစ်သော Central Park ပန်းခြံကြီးကို ရှုမြင်နိုင်သည့်မြင်ကွင်းများ ပိုင်ဆိုင်ထားသည်။
One Beacon Court ကွန်ဒိုအဆောက်အအုံကြီးမှာ အရှေ့ ၅၈ လမ်း၊ အမှတ် ၁၅၁ ၊ တတိယရိပ်သာလမ်းနှင့် လက်ဇင်တန်ရိပ်သာ လမ်းကြားတွင် တည်ရှိပြီး မူလက Alexander’s အမည်ရှိ ကုန်စုံဆိုင် တည်ရှိခဲ့သည့်နေရာ ဖြစ်သည်။
One Beacon Court ကွန်ဒိုကြီးဆောက်လုပ်ပြီးနောက် ၂၀၀၅ ခုနှစ်ကစတင်ကာ လူသိများထင်ရှားခဲ့သည်။
One Beacon Court တွင် Bloomberg ၏ ရုံးတည်ရှိပြီး ယခင်ကလည်း Le Cirque အမည်ရှိ နာမည်ကျော်စားသောက်ဆိုင်ကြီး ဖွင့်လှစ်ခဲ့ဖူးသည်။
သို့ရာတွင် နယူးယောက်မြို့လယ်၌ အခြားမိုးမျှော်တိုက်ကြီးများဖြစ်သော One57, 432 Park နှင့် 220 Central Park South တို့ကဲ့သို့ မိုးမျှော်တိုက်များ ပေါ်ပေါက်လာပြီးနောက်ပိုင်း One Beacon Court ၏ ကျော်ကြားမှု ကျဆင်းသွားသည်။
မစ္စတာဝဲ့ခ်ျ၏ လူနေခန်းမှာ ၄၆ လွှာတွင် တည်ရှိပြီး အရောင်းဈေးကွက်သို့ ရောက်ရှိနေသည်မှာ ရက်ပေါင်း ၃၃၃ ရက် ရှိခဲ့ပြီ ဖြစ်သည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)