ပြည်ပ အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
ဒိန်းမတ်တွင် အနောက်ဥရောပ၏ အမြင့်မားဆုံးဖြစ်ကာ ၃၇ မိုင်အကွာအဝေးမှ တွေ့မြင်ရမည့် အဆောက်အအုံကြီး ဆောက်လုပ်ရန် စီစဉ်နေသည်။
ဆောက်လုပ်ပြီးစီးပါက ပေပေါင်း ၁၀၄၉ ပေမြင့်မားမည့် Bestseller Tower ဟု အမည်ပေးထားသည့် အဆောက်အအုံကြီးသည် ဒိန်းမတ်နိုင်ငံတွင် အမြင့်မားဆုံး အဆောက်အအုံကြီး ဖြစ်လာမည် ဖြစ်သည်။
အဆိုပါအဆောက်အအုံကြီးသည် ဒိန်းမတ်အခြေစိုက် အဝတ်အထည်ကုမ္ပဏီ Bestseller ၏ ရုံးချုပ်လည်း ဖြစ်လာမည် ဖြစ်သည်။
Dorte Mandrup မှ ဒီဇိုင်းရေးဆွဲပေးထားပြီး ၃၇ မိုင်အကွာအဝေးမှပင် လှမ်းမျှော်တွေ့မြင်နေရမည်ဟု ဆိုသည်။
ယခုအဆောက်အအုံကြီးသည် လန်ဒန်ရှိ Shard အဆောက်အအုံထက် ၃၄ ပေ ပိုမိုမြင့်မားမည်လည်း ဖြစ်သည်။
Shard နှင့်မတူသည့်အချက်မှာ လန်ဒန်ရှိ Shard သည် လူနေထိုင်မှုများများသည့် Southwark အရပ်တွင် တည်ရှိပြီး Bestseller Tower မှာမူ လူဦးရေ ၇၀၀၀ ခန့်သာနေထိုင်သည့် Brande မြို့ကလေးတွင် ဆောက်လုပ်မည် ဖြစ်သည်။
“ဒီအဆောက်အအုံကြီးဟာ မြေပုံပေါ်မှာ မြို့ရဲ့အထင်ကရနေရာတစ်ခုဖြစ်လာမှာပါ”ဟု Besteller ဆောက်လုပ်ရေးအဖွဲ့ခေါင်းဆောင် အန်ဒါစ် ကရော့ဂ်ျ ဘော့ဂ်ဒရပ်က ပြောကြားသည်။
ပြီးခဲ့သောလအတွင်း မြို့တော်ကောင်စီက အဆိုပါအဆောက်အအုံကြီး ဆောက်လုပ်ခွင့်ပြုရန် မဲခွဲဆုံးဖြတ်ပေးခဲ့သည်ဟု ဆိုသည်။
ယခုအဆောက်အအုံကြီးသည် ဒေသနှင့် မသင့်လျော်ဟု ရှုမြင်ကြသော်လည်း Besteller ကုမ္ပဏီအဆိုပါအရပ်တွင် ရုံးစိုက်နေခဲ့သည်မှာမူ ၁၉၇၅ ခုနှစ်ကတည်းက ဖြစ်သည်။
“ဒီဒေသမှာ နှစ်ပေါင်း ၃၀ ကျော် အခြေစိုက်ခဲ့ရတာကို ကျွန်တော်တို့ အလွန်ဝမ်းမြောက်မိပါတယ်။ ကျွန်တော်တို့ဟာ ဒေသ အသိုက်အဝန်းရဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်တယ်လို့လည်း ခံစားရပါတယ်”ဟု ကရော့ဂ်ျ ဘော့ဂ်ဒရပ်က ပြောကြားသည်။
ဒေသခံများကမူ ယခုစီမံကိန်းကို မကန့်ကွက်ကြဟု ဆိုသည်။
“ဒိန်းမတ်သတင်းမီဒီယာတွေက ဒီစီမံကိန်းကြီးကို ဒေသခံထဲက ကန့်ကွက်မယ့်သူပေါ်မလားလို့ ရှာဖို့ကြိုးစားကြတယ်။ ဒါပေမယ့် သူတို့ တစ်ယောက်မှ ရှာမတွေ့ကြဘူး”ဟု ဒေသတွင်း သတင်းစာမှ သတင်းထောက်တစ်ဦးဖြစ်သူ မော်တန် ဒစ်ခ်မန်းက ပြောကြားသည်။
သို့ရာတွင် ကန့်ကွက်မှုများမှာ ဒိန်းမတ်နိုင်ငံ၏ အခြားသော ဒေသများမှ ပေါ်ပေါက်လာသည်။
ကိုပေဟေဂင်တွင် ပုံနှိပ်ထုတ်ဝေသည့် သရော်စာတစ်ခုတွင် Bestseller Tower အဆောက်အအုံကြီးကို “Lord of the Rings” ဇာတ်လမ်းတွဲများမှ Tower of Sauron နှင့် ခိုင်းနှိုင်းသရော်ခဲ့သည်။
အဆိုပါသရော်စာကို ရေးသားသူ ဗိသုကာပညာရှင် အမျိုးသမီး ထရိုင်နီ ကမ်မာက ပြောကြားရာတွင် Brande မြို့၏ ဒေသတွင်း သတင်းစာသည် မိမိ၏ ဆန့်ကျင်သည့်အမြင်များကို ပုံနှိပ်ဖော်ပြလိမ့်မည်မဟုတ်ကြောင်း ပြောကြားသည်။
“Brande ကလူတွေဟာ Bestseller ကို ဝေဖန်ဖို့ သိပ်ကြောက်ကြတယ်။ ဒါက ကိုးကွယ်ရမယ့် ဘာသာတရားတစ်ခုလို ဖြစ်နေပါတယ်”ဟု ကမ်မာက ပြောကြားသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)