ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
ရန်ကုန်မြို့သန်လျင်မြို့နယ်တွင် တည်ရှိသော Yoma က အကောင်အထည်ဖော်နေသည့် အလယ်လတ်တန်းစား လူနေအိမ်ရာ စီမံကိန်းမှာ ရောင်းအားကောင်းလျက်ရှိသည်။
စီမံကိန်းပထမဆင့် (Phase one) တွင် လူနေခန်းပေါင်း ၃၅၇ ခန်း ပါဝင်သည့်အနက် လက်ကျန်အခန်း ၁၀ ရာခိုင်နှုန်းသာရှိတော့ ကြောင်း ယင်းကုမ္ပဏီ၏ အရောင်းကိုယ်စားလှယ်တစ်ဦးက Frontiermyanmar ၏ Myanmar Real Estate & Construction Monitor ကဏ္ဍသို့ ပြောကြားလိုက်သည်။
စီမံကိန်းတွင် စုစုပေါင်း အဆင့် ၃ ဆင့် ပါဝင်မည်ဖြစ်ပြီး စီမံကိန်းဒုတိယဆင့်၏ လူနေခန်း ၄၄၁ ခန်းကိုလည်း ယခုအခါ စတင်ရောင်းချပေးနေပြီ ဖြစ်သည်။
စီမံကိန်းတတိယတွင် အခန်းမည်မျှပါဝင်မည်ဟူသောအချက်နှင့် အခြားအသေးစိတ်အချက်အလက်များကိုမူ မသိရသေးချေ။
၂၀၂၀ ပြည့်နှစ်တွင် စုစုပေါင်း အဆောက်အအုံ ၁၁ လုံး ဆောက်လုပ်ပြီးစီးမည်ဟူသောအချက်ကိုမူ သိရှိထားသည်။
စီမံကိန်းအဆင့် ၁ တွင် A1, B1 နှင့် B2 ဟူ၍ အဆောက်အအုံ ၃ ခု ပါဝင်ပြီး အားလုံးမှာ ၈ ထပ်အဆောက်အအုံများ ဖြစ်ကြသည်။
သန်လျင်မြို့နယ်၊ ကျိုက်ခေါက်ဘုရားလမ်းတွင် တည်ရှိသော Yangon Sales Gallery တွင် ဧပြီလအစောပိုင်းအတွင်း အရောင်းပြခန်းတစ်ခု ဖွင့်လှစ်လိုက်ပြီးလည်း ဖြစ်သည်။
အရောင်းပြခန်းကို နေ့စဉ် မနက် ၉ နာရီမှ ညနေ ၅ နာရီအထိ အများပြည်သူအတွက် ဖွင့်လှစ်ပေးထားသည်။
အရောင်းပြခန်းဖွင့်ပွဲကို ဧပြီလ ၅ ရက်မှ ၇ ရက်အထိ ကျင်းပခဲ့ပြီး စီမံကိန်းဒုတိယဆင့်လူနေခန်းများကို ရောင်းချပေးခဲ့ရာ အိပ်ခန်း ၃ ခန်း ပါဝင်သည့် လူနေခန်းအမျိုးအစားသစ်တစ်ခု ပါဝင်လာသည်။
ဈေးနှုန်းများမှာ စတူဒီယိုခန်းတစ်ခန်းလျှင် ကျပ်ငွေ ၄၅၇ သိန်း (ကန်ဒေါ်လာ ၃၀၃၀၀) မှ အိပ်ခန်း ၃ ခန်းပါ အခန်းတစ်ခန်းလျှင် ကျပ်ငွေ ၁၂၁၅ သိန်း (ကန်ဒေါ်လာ ၈၀၆၀၀) ကြား ပေါက်ဈေးရှိသည်။
၃၀ ရာခိုင်နှုန်း လက်ငင်းပေးချေရမည်ဖြစ်ပြီး ကျန်ငွေကို ၁၀ နှစ်၊ ၁၅ နှစ်၊ ၂၅ နှစ် အရစ်ကျပေးသွင်း ဝယ်ယူနိုင်သည်ဟု ဆိုသည်။
City Loft
City Loft သည် သန်လျင်မြို့နယ်၊ သီလဝါဆိပ်ကမ်းအနီးရှိ StarCity မြို့တော်သစ်တွင် ပါဝင်သည့် အစိတ်အပိုင်းတစ်ရပ် ဖြစ်သည်။
ရန်ကုန်တွင် လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း တန်ဖိုးကြီးလူနေစီမံကိန်းများ ရောင်းအားနှေးကွေးလာချိန်၌ အဆိုပါ စီမံကိန်း ပေါ်ထွက်လာခြင်းလည်း ဖြစ်သည်။
Yoma Land သည် City Loft စီမံကိန်းအတွက် A1 ဆောက်လုပ်ရေးကုမ္ပဏီကို ကန်ထရိုက်တာအဖြစ် ပေးအပ်ကာ အကောင်အထည်ဖော်နေခြင်း ဖြစ်သည်။
City Loft စီမံကိန်းတွင် အဆောက်အအုံ ၁၁ လုံးပါဝင်မည်ဖြစ်ပြီး မြေအကျယ်အဝန်း ၂၂ ဧကပေါ်တွင် အကောင်အထည်ဖော်မည် ဖြစ်သည်။
Facility များအနေဖြင့် ရေကူးကန်၊ အားကစားလေ့ကျင့်ရာနေရာ၊ ပန်းဥယျာဉ်၊ ဈေးဝယ်စင်တာနှင့် YBS ကားဂိတ်တို့ ပါဝင်မည် ဖြစ်သည်။
၂၀၂၀ ပြည့်နှစ်တွင် Yangon Water Bus ပြေးဆွဲနိုင်ရေးအတွက် သင်္ဘောဆိပ်ဆောက်လုပ်ရန် ခွင့်ပြုချက်လည်း ရရှိထားပြီး ဖြစ်သည်။
Star City အတွက် သင်္ဘောဆိပ်တစ်ခုဆောက်လုပ်ရန် ဆွေးနွေးနေသည်မှာ ကြာမြင့်ခဲ့ပြီဖြစ်သည်။
သို့ရာတွင် စီမံကိန်းအနီးရှိ ရန်ကုန်မြစ်နှင့် ပဲခူးမြစ်တို့၏ ရေစူးတိမ်ခြင်း၊ ရေကြောင်းပြောင်းလဲခြင်း အခြေအနေများကြောင့် နည်းပညာပိုင်း အခက်ကြုံနေရသည်။
StarCity ၏ စုစုပေါင်း မြေအကျယ်အဝန်းမှာ ၁၃၅ ဧကရှိပြီး စီမံကိန်းပြီးစီးပါက လူနေအိမ် ၁၀၀၀၀ နှင့် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ နေရာ စတုရန်းပေ ၁ ဒသမ ၇ သန်း ရှိလာမည် ဖြစ်သည်။
Credit: Myanmar Real Estate