ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
ဟောင်ကောင်အခြေစိုက် Gaw Capital Partners ကုမ္ပဏီသည် ဂျပန်နိုင်ငံ၊ တိုကျိုမြို့၏ လူကုံထံရပ်ကွက်ဖြစ်သော အေအိုယာမားအရပ်ရှိ ၁၃ ထပ်မြင့်မားသော ရုံးအဆောက်အအုံတာဝါကြီးကို ဝယ်ယူခဲ့ကြောင်း ရှန်ဟိုင်းအခြေစိုက် အိမ်ခြံမြေ သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
Gaw Capital Partners သည် ကမ္ဘာ့အကြီးမားဆုံး အင်စတီကျူးရှင်းအချို့၏ကိုယ်စား အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ပေးနေသည့် ကုမ္ပဏီတစ်ခုလည်း ဖြစ်သည်။
Gaw Capital Partners သည် ဂျပန်ရှိ တာဝါကြီးကို နယူးယောက်အခြေစိုက် GreenOak Real Estate ထံမှ ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ယန်းငွေ ၈၄ ဘီလီယံ ( ကန်ဒေါ်လာ သန်း ၇၅၀) ဖြင့် အရောင်းအဝယ်လုပ်ရန် သဘောတူညီခဲ့သည်ဟု ဆိုသည်။
ယခုဝယ်ယူမှုမှာ Gaw Capital အတွက် တိုကျိုတွင် ပထမဆုံးရုံးခန်းအဆောက်အအုံ ဝယ်ယူမှုဖြစ်သည်။
Gaw Capital သည် ၂၀၁၇ ခုနှစ်အတွင်းကလည်း ယိုကိုဟားမားရှိ မီနာတိုမီရိုင်းစင်တာ အဆောက်အအုံကြီးကို ကန်ဒေါ်လာ သန်း ၇၆၀ ဖြင့် ဝယ်ယူခဲ့ဖူးပြိး အိုကီနာဝါတွင်လည်း အပန်းဖြေဟိုတယ် ၂ ခု ပိုင်ဆိုင်ထားသေးသည်။
အေအိုယာမာ အဆောက်အအုံကြီးသည် သက်တမ်းအားဖြင့် ၄၇ နှစ်ရှိပြီဖြစ်ပြီး အကျယ်အဝန်းမှာ စတုရန်းပေ ၃၀၂၁၄၅ ( ၂၈၀၇၀ စတုရန်းမီတာ)ရှိကာ grade B+/A- အတန်းအစား ရုံးခန်း တာဝါကြီးဖြစ်သည်။
အေအိုယာမာအဆောက်အအုံကြီးတွင် ဗြိတိသျှ ဇိမ်ခံကားထုတ်လုပ်သည့်ကုမ္ပဏီကြီး Aston Martin က ဂျပန်ရုံးချုပ်အဖြစ် လာရောက်ဖွင့်လှစ်ထားသည့်အပြင် GreenOak ကလည်း ၇ လွှာတွင် ရုံးခန်းဖွင့်ထားသည်။
GreenOak သည် အေအိုယာမား ရုံးခန်းအဆောက်အအုံကြီးကို ၂၀၁၅ ခုနှစ်အတွင်း မစ်ဆုဘီရှီ ဂျီရှို ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီထံမှ ကန်ဒေါ်လာ သန်း ၅၀၀ ဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ GreenOak သည် တိုကျိုရှိ ပိုင်ဆိုင်မှုများကို လျှော့ချလာလျက်ရှိရာ ယခုအရောင်းအဝယ်နောက်ပိုင်းတွင် တိုကျို၌ ရုံးခန်းအဆောက်အအုံ ၁၈ ခုသာ ပိုင်ဆိုင်တော့သည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)