ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
ဂျယ်ရီ ဝိန်းထရပ်၏ အမည်ရင်းမှာ ဂျရိုမီ ချားလ်စ် ဝိန်းထရပ်ဖြစ်ပြီး အမေရိကန်ရုပ်ရှင်ထုတ်လုပ်သူ၊ သရုပ်ဆောင်တစ်ဦးဖြစ်ကာ ၁၉၃၇ ခုနှစ်တွင် မွေးဖွားပြီး ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၆ ရက်တွင် ကွယ်လွန်ခဲ့သည်။
ဂျယ်ရီ ဝိန်းထရပ်သည် ကမ္ဘာကျော်တေးဂီတပွဲကြီးများစွာ စီစဉ်သူအဖြစ် များစွာအောင်မြင်မှုရရှိခဲ့ပြီး အဲလ်ဗစ် ပရက်စလေ၊ ဖရန့်ခ် စီနာထရာ၊ The Four Seasons ၊ နီးလ် ဒိုင်းမွန်း၊ ဘော့ပ် ဒိုင်လန်၊ Led Zeppelin ၊ Three Dog Night နှင့် The Carpenters တို့ကဲ့သို့ ကမ္ဘာကျော်တို့၏ ဂီတပွဲများစွာ စီစဉ်ခဲ့သည်။
တေးဂီတပွဲများ စီစဉ်သူအဖြစ်အောင်မြင်ပြီးနောက်ပိုင်း ရုပ်ရှင်များစွာလည်း ထုတ်လုပ်ခဲ့ရာ Nashville (၁၉၇၅)၊ Barry Levinson's Diner (၁၉၈၂), The Karate Kid (၁၉၈၄) (၂၀၁၀) နှင့် Ocean's Eleven (၂၀၀၁)တို့မှာ ကမ္ဘာကျော်သည်။
ယခုအခါ ဂျယ်ရီ ဝိန်းထရပ်နေထိုင်ခဲ့သော ကယ်လီဖိုးနီးယားပြည်နယ်၊ Palm Desert ရှိ စံအိမ်ကို ကန်ဒေါ်လာ ၆ ဒသမ ၈၂၅ သန်းဖြင့် ရောင်းထုတ်လိုက်ပြီ ဖြစ်ကြောင်း နယူးယောက်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ခမ်းနားထည်ဝါလှသော ခေတ်မီစံအိမ်ကြီးတွင် ဘေးချင်းယှဉ်လျက်တည်ရှိသော ရေကူးကန်နှစ်ခု ပါဝင်သည်။
စံအိမ်အတွင်း ဆလိုက်မှန်တံခါးများမှသည် အဝေးထိန်းစနစ်သုံး မီးလင်းဖိုများအထိ အရာအားလုံးနီးပါးမှာ အလိုအလျောက်စနစ်ဖြစ် ကြသည်။
ဖျော်ဖြေပွဲများ စီစဉ်တင်ဆက်ခြင်းဘက်၌ အထုံပါသူ ဝိန်းထရပ်က အဆိုပါနေအိမ်ကို ၂၀၀၀ ပြည့်လွန် အစောပိုင်းကာလများတွင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ပါတီပွဲများကျင်းပရန်၊ ဧည့်သည်များ ဧည့်ခံရန် ရည်ရွယ်ဆောက်လုပ်ခဲ့ခြင်းဖြစ်ကာ ဂျော့ခ်ျကလူးနေးနှင့် မတ်ထ်ဒါမွန်ကဲ့သို့သော ထိပ်တန်းအကျော်အမော်များစွာကို ဧည့်ခံခဲ့သည်။
“သူက ဖျော်ဖြေပွဲတွေလုပ်ဖို့ တကယ်ကောင်းတဲ့အိမ်မျိုးကို လိုချင်ခဲ့တာဖြစ်တာကြောင့် အိမ်တွင်း၊ အိမ်ပြင် ဧည့်ခံနေထိုင်နိုင်မယ့် နေရာများစွာ ဆောက်လုပ်ခဲ့ပါတယ်”ဟု ဈေးကွက်တင်ပေးခဲ့သည့် the Agency ကုမ္ပဏီမှ အကျိုးဆောင် ရစ်ချတ် ဘာသိုလိုမြူက ပြောကြားသည်။
ဝိန်းထရပ်သည် ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၆ ရက်တွင် ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်တာဘာဘရာ၌ ကွယ်လွန်သွားခဲ့ပြီး ကွယ်လွန်ချိန် တွင် အသက် ၇၇ နှစ်ရှိပြီ ဖြစ်သည်။
ဝိန်းထရပ်သည် ရေကူးကန်ကို နေအိမ်အနီးတွင် အလွန်နီးကပ်စွာ တည်ရှိနေရန် ဒီဇိုင်းရေးဆွဲ ဆောက်လုပ်ခဲ့ရာ သူ၏ ရေချိုးခန်းမှ ရေကူးကန်သို့ တိုက်ရိုက်သွားရောက် ရေကူးနိုင်ကြောင်း မစ္စတာ ဘာသိုလိုမြူးက ဆက်လက်ပြောကြားသည်။
ဝိန်းထရပ်၏နေအိမ်မှာ Bighorn Country Club ဝန်းအတွင်း တည်ရှိပြီး ပင်မနေအိမ်မှာ စတုရန်းပေ ၉၁၅၀ အကျယ်အဝန်းရှိသည်။
ဈေးကွက်သို့ ပထမဆုံးစတင်ရောက်ရှိခဲ့ချိန်ကခေါ်ဈေးမှာ နောက်ဆုံးရောင်းထွက်သွားသည့်ဈေးထက် နှစ်ဆကျော် ပိုမိုများပြားသည်။
Bighorn Country Club ၏ အရောင်းဘက်ဌာနမှတဆင့် ၂၀၁၆ ခုနှစ်အတွင်း ဈေးကွက်တင်ခဲ့ခြင်းဖြစ်ပြီး ထိုစဉ်ကခေါ်ဈေးမှာ ကန်ဒေါ်လာ ၁၆ သန်း ဖြစ်သည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)