ပြည်ပ အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
စင်္ကာပူတွင် ယခုနှစ်ပထမသုံးလပတ် (၂၀၁၉ ဇန်နဝါရီ၊ ဖေဖော်ဝါရီနှင့် မတ်) အတွင်း ပုဂ္ဂလိကအိမ်ဈေးများသည် ယင်းမတိုင်မီသုံးလပတ်အောက် ၀ ဒသမ ၆ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း မြို့ပြပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးအာဏာပိုင်အဖွဲ့ (URA) က ဧပြီ ၁ တွင် ထုတ်ပြန်ခဲ့သည်။
စင်္ကာပူတွင် အိမ်ခြံမြေဈေးကွက်တည်ငြိမ်စေရေးစည်းမျဉ်းတင်းကျပ်မှုသစ်များ ပြီးခဲ့သည့်နှစ်ဇူလိုင်က စတင်ခဲ့ပြီးနောက် ဈေးကွက်အဟုန်အားပျော့လာသည်ကို စဉ်းစားလိုက်ပါက ယခုနှစ်ပထမသုံးလပတ်အတွင်း ပုဂ္ဂလိကအိမ်ဈေးများ ကျဆင်းခြင်းသည် အံအားသင့်စရာမဟုတ်ကြောင်း ကနေဒါအခြေစိုက် ကမ္ဘာ့အိမ်ခြံမြေဝန်ဆောင်မှုကုမ္ပဏီ Colliers International ၏ စင်္ကာပူနိုင်ငံဆိုင်ရာ သုတေသနခေါင်းဆောင် ထရစ်ရှာဆုန်က ပြောကြားခဲ့သည်။
ပုဂ္ဂလိကအိမ်ဈေးများကျဆင်းခြင်းနှင့်ပတ်သက်၍ ယခုသုံးလပတ်သည် ဒုတိယမြောက်သုံးလပတ်ဖြစ်သည်။
၂၀၁၉ ခုနှစ် ပထမသုံးလပတ်အတွင်း ပုဂ္ဂလိကအိမ်အရောင်းအဝယ် ၃၂၁၅ ခု ရှိခဲ့ကာ ၅၃၂၈ ရှိခဲ့သည့် ၂၀၁၈ ခုနှစ် ပထမသုံးလပတ်အောက် ၄၀ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း JLL Singapore ၏ သုတေသနနှင့် အတိုင်ပင်ခံဆိုင်ရာ အကြီးတန်းဒါရိုက်တာ အွန်တက်ဟွေကလည်း မှတ်ချက်ပြုခဲ့သည်။
"ဝယ်လက်တွေဟာ ပိုပြီးသတိထားရွေးချယ်လာကြပါတယ်။ အလောတကြီးမဝယ်ယူကြတော့ပါဘူး။ ဘာလို့ဆို ဈေးနှုန်းတွေက သက်သာလာတယ်၊ အားကောင်းလာတဲ့ရောင်လိုအားကလည်း စဉ်းစားရွေးချယ်စရာအချက်တွေပိုပြီးပေးလာလို့ပဲဖြစ်ပါတယ်။" ဟုလည်း သူက ပြောကြားခဲ့သည်။
Core Central Region (CCR) အပိုင်းက ဈေးနှုန်းကျဆင်းမှုတွင် ၂ ဒသမ ၉ ရာခိုင်နှုန်းဖြင့် ဦးဆောင်ခဲ့သည်။ တစ်နည်းဆိုရသော် ဈေးနှုန်း ၅ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းခဲ့သည့် ၂၀၀၉ ခုနှစ် ဒုတိယသုံးလပတ်ကတည်းက ကျဆင်းမှုနှုန်းအများဆုံးသုံးလပတ်ဖြစ်သည်။
Rest of Central Region (RCR) တွင် ၀ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး Outside Central Region (OCR) တွင် ဈေးနှုန်းများမပြောင်းလဲခဲ့ပေ။
ထိုစဉ် စင်္ကာပူနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနလက်အောက်ရှိ အိုးအိမ်နှင့်ဖွံ့ဖြိုးတိုးတက်ရေးဘုတ်အဖွဲ့ (HDB) မှ တည်ဆောက်ပေးသော တိုက်ခန်းများ၏ ပြန်လည်ရောင်းထုတ်မှုဈေးနှုန်းများသည်လည်း အကျဘက်သို့ ဆက်လက်ဦးတည်ခဲ့ပြီး ၎င်း ၂၀၁၉ ပထမသုံးလပတ်အတွင်း ၁၃၁ ခန်းသာ ရောင်းထွက်ခဲ့ကာ ထိုမတိုင်မီသုံးလပတ်အောက် ၀ ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။
HDB တိုက်ခန်းများ၏ ပြန်လည်ရောင်းထုတ်ဈေးသည် ၂၀၁၈ ခုနှစ် စတုတ္ထသုံးလပတ်တွင်လည်း အလားတူပင် ၀ ဒသမ ၂ ရာခိုင်နှုန်း ကျခဲ့ကြောင်း ERA အိမ်ခြံမြေကွန်ရက်မှ အဓိကအမှုဆောင်အရာရှိ ယူဂျင်းလင်မ်က ပြောကြားခဲ့သည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)