ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
ပဲခူးတိုင်းဒေသကြီး ပြည်မြို့သို့ လာရောက်လည်ပတ်သည့် နိုင်ငံခြားသားခရီးသွား ဧည့်သည်အရေအတွက် တိုးလာသောကြောင့် ဟိုတယ် ၆ လုံးထပ်မံတည်ဆောက်မည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှုး ဦးဟောက်ကျင်မုန်ပြောကြားချက်အရ သိရသည်။
ပြည်ခရိုင်အတွင်း ပြည်တွင်းပြည်ပ ခရီးသွားတည်းခိုနိုင်သည့် ဟိုတယ်ပေါင်း ၆၄၇ ခန့် ရှိရာမှ ယခုအခါ ဟိုတယ်လုပ်ငန်းလိုင်စင်လျှောက်ထားဆဲ ဟိုတယ်သုံးလုံးနှင့် ဆောက်လုပ်ခွင့်တင်ထားသော ဟိုတယ်သုံးလုံး ရှိသောကြောင့် လာမည့်နှစ်တွင် ဟိုတယ်များ ထပ်မံတိုးလည်မည်ဖြစ်ကြောင်း သိရသည်။
" ပြည်ပခရီးသွားကတော့ ၁၀၀၀၀ ကျော် တိုးလာတာ တွေ့ရပါတယ်။ အနောက်နိုင်ငံကဆို အီတလီ၊ ဂျာမနီ စသဖြင့် အများစုလာတယ်။ အရှေ့တိုင်းဘက်ကဆိုရင် တရုတ်၊ ဂျပန်နဲ့ ကိုရီးယားဘက်က လာတာများပါတယ်။ အဓိကကတော့ ယူနက်စကို စာရင်းဝင်နေရာတွေကို လာလည်ကြတာများပါတယ် " ဟု ၎င်းက ပြောသည်။
ပြည်မြို့ရှိ ဟိုတယ်များတွင် တည်းခိုသော စာရင်းများအရ ၂၀၁၇ ခုနှစ်တွင် ပြည်ပခရီးသွားဧည့်သည်အရေအတွက်မှာ ၂၀၀၀ ခန့်သာရှိသော်လည်း ၂၀၁၈ ခုနှစ်တွင် ၁၂၂၅၇ ဦး အထိ တိုးတက်လာခြင်းဖြစ်ကြောင်း သိရသည်။
ပြည်မြို့သို့ နိုင်ငံခြားသားခရီးသွားများသည် ကုန်းလမ်းမှ လာရောက်သည့်အပြင် ဧရာဝတီမြစ်ကြောင်းမှ သဘောင်္ခရီးစဉ်များဖြင့် လာရောက်မှုများရှိပြီး ကမ္ဘာ့အမွေအနှစ်စာရင်းဝင် သရေခေတ္တရာပျူမြို့ဟောင်းနှင့် ပြည်မြို့ တစ်ဖက်ကမ်း၊ ထုံးဘိုရှိ အကောက်တောင်သို့ အဓိကထားလည်ပတ်လေ့ ရှိကြောင်း သိရသည်။
Credit: Pyi Myanmar