ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
ရန်ကုန်မြို့ပြလူထုရထားပို့ဆောင်ရေးစီမံကိန်း (YUMRT) ဟု အမည်ပေးထားသည့် မြန်နှုန်းမြင့် ရန်ကုန်မိုးပျံရထားလမ်းကို လှိုင်သာယာမှ တိုးကြောင်ကလေးအထိ စတင်အကောင်အ ထည်ဖော်ရန် စီစဉ်နေကြောင်း မြန်မာ့မီးရထားဦးဆောင်ညွှန်ကြားရေးမှူး ဦးဘမြင့်က ပြောသည်။
YUMRT ရထားစနစ်ကို ဒလမြို့နယ် ဘူတာကြီး-မင်္ဂလာဒုံလေဆိပ်နှင့် လှိုင်သာယာ-တောင်ဒဂုံမြို့နယ် တိုးကြောင်ကလေး လမ်းပိုင်းနှစ်ခုတွင် အကောင်အထည်ဖော်မည်ဖြစ်သည်။
‘‘ဒလဘက်ခြမ်းက စမလုပ်သေးဘူး။ လူစီးနည်းမှာမို့လို့၊ လူပိုများတဲ့ လှိုင်သာယာဘက်ခြမ်းကို အရင်စလုပ်မယ်’’ဟု ဦးဘမြင့်က ပြောသည်။
လက်ရှိတွင် လုပ်ငန်းဖြစ်နိုင်ခြေ ရှိ၊ မရှိ လေ့လာဆန်းစစ်နေဆဲဖြစ်ပြီး ထိုလေ့လာမှုသည် ၂၀၁၉ နှစ်ကုန်၌ အပြီးသတ်မည်ဟု ၎င်းကဆက်လက်ပြောသည်။ ထိုသို့ လေ့လာမှုပြီးစီးမှသာ လုပ်ကိုင်မည့်ပုံစံ၊ လုပ်ကိုင်ခွင့်ကုမ္ပဏီကို ရွေးချယ်ခြင်းနှင့် ကုန်ကျငွေများကို ထုတ်ပြန်နိုင်မည်ဟု ဆိုသည်။
မိုးပျံရထားလမ်းအတွက် လျှပ်စစ်ဓာတ်အား ရရှိရေးနှင့် လမ်းအူကြောင်း အတည်ပြုသတ်မှတ်နိုင်ရေး ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ဦးဆောင်၍ ဧပြီ ၃ ရက်တွင် ဆွေးနွေးခဲ့သည်။
အဆိုပါ စီမံကိန်းအတွက် ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA)က ကူညီနေသည်။
အဆိုပါ လမ်းပိုင်းနှစ်ခုတွင် ဒလ - ဘူတာကြီး - မင်္ဂလာဒုံပြေး ဆွဲမည့်လမ်းကို ရန်ကုန်မြို့ တောင် - မြောက် လမ်းပိုင်းဟူ၍လည်းကောင်း၊ လှိုင်သာယာ - တောင်ဒဂုံ တိုးကြောင်ကလေး လမ်းပိုင်းကို ရန်ကုန်မြို့ အရှေ့-အနောက် လမ်းပိုင်းဟူ၍လည်းကောင်း သတ်မှတ်ထားသည်။
ရန်ကုန် တောင် - မြောက် လမ်းကြောင်းသည် မြေအောက် ရထားစနစ် ပါဝင်မည်ဖြစ်ပြီး ရန်ကုန်- အရှေ့- အနောက် လမ်းပိုင်းသည် လှိုင်သာယာမှ အုတ်ကျင်း-ပါရမီလမ်း ဖြတ်သန်းပြီး တောင်ဒဂုံ တိုးကြောင်ကလေးအထိ ပေ ၄၀ မြင့်သည့် လမ်းပိုင်းဖြင့် ဖြတ်သန်းမည်ဟုဆိုသည်။
ထိုစီမံကိန်း ကနဦးလေ့လာ မှုကို ၂၀၁၆ ဩဂုတ်မှ ၂၀၁၇ ဩဂုတ်အထိ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး လက်ရှိအသေးစိတ်လေ့လာမှုသည် ၂၀၁၉ စက်တင်ဘာတွင် ပြီးစီးမည်ဖြစ်သည်။
အဆိုပါစီမံကိန်းကို သတ်မှတ်ကာလအတွင်း အကောင်အထည်ဖော်နိုင်ရေး လုပ်ငန်းကော်မတီ၊ နည်းပညာပူးပေါင်းဆောင်ရွက်ရေးကော်မတီနှင့် ကားလမ်းကူးနေရာများ၌ ယာဉ်ကြောပိတ် ဆို့မှု ဖြေလျှော့ရေးကော်မတီကို ဖွဲ့စည်းဆောင်ရွက်မည်ဟု ဆိုသည်။
ထို့အပြင် ဂျပန်နိုင်ငံ အကူအညီဖြင့် အမျိုးသားပို့ဆောင်ရေး ပင်မစီမံကိန်းရေးဆွဲပြီး ဦးစားပေး အကောင်အထည်ဖော်မှုများ လည်းရှိသည်ဟု ဆိုထားသည်။
ရန်ကုန်မြို့တွင်း မြန်နှုန်းမြင့် မိုးပျံရထားစီမံကိန်း ဖော်ဆောင်ရန် တရုတ်ကုမ္ပဏီများက အစိုးရထံ လာရောက် ကမ်းလှမ်းခဲ့သည်။
တရုတ်ကုမ္ပဏီတစ်ခု၏ ကမ်းလှမ်းချက်တွင် တစ်နာရီလျှင် ကီလိုမီတာ ၁၂၀ ခန့် မောင်းနှင်နိုင်မည့် မိုးပျံရထားကို ဂျာမနီ၊ ဂျပန်ကုမ္ပဏီများထက် သုံးဆ လျော့နည်းသော နှုန်းထားဖြင့် တည်ဆောက်ရန် ပါဝင်သည်။
Credit: 7Daydaily