ဗဟုသုတ | Posted by အေးမြတ်သူ
ကျွန်မ၏အလုပ်သင် ညိုမီလှိုင်က “ ဟုတ်ကဲ့ပါ ဆရာမ၊ ဒီလိုပါ သမီးတို့က အမွေမှုတစ်မှုကို လက်ခံထားပါတယ်။ အဲဒီမှာ သမီးတို့အမှုသည်က အမွေရှင်ကွယ်လွန်စဉ်က အရွယ်မရောက်သေးတဲ့အတွက် အမွေဆက်ခံခွင့်ရသူအနေနဲ့ အရွယ်ရောက်ပြီးမှ စွဲဆိုမယ့် အခြားပူးတွဲအမွေဆိုင်များအတွက် အမွေဆက်ခံခွင့်ရသူအနေနဲ့ အရွယ်ရောက်ပြီးမှ စွဲဆိုမယ့်အခြားပူးတွဲ အမွေဆိုင်များအပေါ် စွဲဆိုသော အမွေစီမံခန့်ခွဲပေးစေလိုမှု ဖြစ်ပါတယ်။အဲဒီ့နေရာမှာ သမီးတို့အမှုသည်က ကာလစည်းကမ်းသတ် အက်ဥပဒေပထမဇယားအပိုဒ် ၁၄၄ ပြဌာန်းချက်အရ တရားပြိုင်၏ လက်ရှိဖြစ်ခြင်းသည်။ တရားလိုနှင့် ဆန်ကျင့်လာသည့်အခါမှစ၍ ၁၂ နှစ်အတွင်း တရားစွဲရသည်လို့ ပြဌာန်းထားတဲ့အတွက် အရွယ်ရောက်ပြီးမှ ၁၂ အတွင်း ၁၂ နှစ်အတွင်းလား ၊ဒါမှမဟုတ် အရွယ်မရောက်သေးမီ ဆန့်ကျင်လက်ရှိထားချိန်မှစ၍ ၁၂ နှစ်အတွင်းလား ၊ ဆိုတာကို ရှင်းလင်းအောင် သိလိုပါတယ် ဆရာမရယ် ”ဟု မေးလာပါသည်။
ထိုအခါ ကျွန်မက “ ညိုညိုတို့နားရှင်းအောင် ပြောရရင်တော့ အရွယ်မရောက်သေးမီအတွက် ကာလစည်းကမ်းသတ်ဥပဒေပုဒ်မ ၆ မှာ ၊ တရားမကြီး စွဲဆိုပိုင်သူသည် စည်းကမ်းသတကာလအပိုင်းအခြား စတင်ရေတွက်ရမည့်အချိန်၌ အရွယ်မရောက်သေးသူဖြစ်လျှင် ထိုသူအရွယ်ရောက်သည့်နေ့မှစ၍ အမှုအတွက်ပြဌာန်းထားသော ကာလအပိုင်းအခြားအတွင်းတွင် တရားစွဲနိုင်တယ်လို့ ပြဌာန်းထားပါတယ် ”
“ ဒါကြောင့် အရွယ်မရောက်သေးမီက ဆန့်ကျင်လက်ရှိဖြစ်သော တရားစွဲဆိုခွင့်ရသည့်အချိန်မှစ၍ တရားစွဲဆိုပိုင်ခွင့်သည် ၁၂ နှစ်အတွင်း ဖြစ်ရပါသည်။ အဲဒီတော့ အမှုသည် အရွယ်ရောက်လာသည့်အချိန်သည် ယခင်ကုန်လွန်ခဲ့သော ကာလများကို နှုတ်ပယ်ပြီး နောက်ထပ်ကျန်သည့် တရားစွဲဆိုပိုင်ခွင့်အချိန်ဟာ ၁၂ နှစ် မကျော်ရတဲ့အတွက် အချိန်ကာလအနည်းငယ်အတွင်း အရေးဆိုရမှာ ဖြစ်ပါတယ် ”
“ ညိုညိုတို့အမှုသည်က အခုလက်ရှိ ဘယ်အရွယ်ရှိပြီးလဲ ”ဟု မေးရာ သူမကအခုအမှုသည်ဟာ ၂၁ နှစ်ရှိပါပြီ။ ဆရာမ ဟု ပြောသဖြင့် ကျွန်မက
“ အမှုမှာ ရခိုင်ပြည်နယ်တရားရုံး ၂၀၀၁ ခုနှစ် ၊ တရားမကြီးမှု အမှတ် ၈ အတွင်း မသိန်းစောအေး (ခ)မအေးအေးလင်း က ဒေါ်မချေ (ခ) ဒေါ်ကြည်ကြည်ပါ ၁၃ ဦးအပေါ်တွင် အမွေပုံပစ္စည်း စီမံခန့်ခွဲပေးစေလိုမှု စွဲဆိုရာ တရားစွဲလိုသော အမှုကို ကာလစည်းကမ်းသတ်ကျော်လွန်သဖြင့် စရိတ်နှင့်တကွ ပလပ်လိုက်တယ် ”
“ မူလတရားလို မသိန်းစောအေးက ပြည်နယ်တရားရုံး၏ စီရင်ချက်နှင့် ဒီကရီအပေါ် မကျေနပ်သဖြင့် တရားရုံးချုပ်တွင် ဤတရားမအယူခံမှုကို တင်သွင်းတယ် ”
“ တရားလို၏ အဆိုလွှာတွင် မိခင်ဒေါ်နှင်းသာလှနှင့် ၅ နှစ် သမီးအရွယ်ခန့်ကပင် အတူနေထိုင်ခဲ့ပြီး တရားလို ၈ နှစ်အရွယ်ခန့်တွင် တရားလို စာချုပ်စာတမ်းများ ပြုလုပ်၍ ကိတ္တိမသမီးအဖြစ် မွေးစားခြင်းဖြစ်ကြောင်း ၊ မွေးစားမိခင်ကြီး ဒေါ်နှင်းသာလှ ကွယ်လွန်ချိန်အထိ မိခင်၏ သာစဉ်နာစဉ် ပြုစုစောင့်ရှောက် နေထိုင်လာခဲ့သူဖြစ်ကြောင်း ၊ ဒေါ်နှင်းသာလှ၏ လင်ပါသားဖြစ်သော ကွယ်လွန်သူ ဦးမောင်ဖိုးငြိမ်း၏ဇနီး မိသာစုတို့မှာ မိခင်ကြီးပိုင်မင်းပြာမြို့၊ ဈေးဟောင်းပိုင်ရပ်ကွက်၊ အကွက်အမှတ် ၂ ၊ ဦးပိုင်အမှတ် ၃၃၃/၁၁၄ ဧရိယာ ၀.၁၀၅ ဧကရှိ မြေကွက်နှင့် ထိုမြေကွက်ပေါ်တွင် ဆောက်လုပ်ထားသော ပျဉ်ခင်း ၊ ပျဉ်ကာ ၊ သွပ်မိုးနေအိမ်တစ်ဆောင်နှင့် အကျိုးခံစားခွင့် အရပ်ရပ် တို့ကို အပိုင်စီးလျက် တရားလိုအားနေထိုင်ခွင့် မပေးတော့ကြောင်း ၊ တရားလိုမှာ မိရင်းဖရင်းများ၏ နေအိမ်သို့ သွားရောက်နေထိုင်ခဲ့ရကြောင်း ယင်းပစ္စည်းများအပေါ် ကိတ္တိမသမီးတစ်ဦအနေဖြင့် ခံစားပိုင်ခွင့်ရှိကြောင်း ၊ ပစ္စည်းများ ခွဲဝေပေးရန် ၉-၂-၂၀၀၁ နှင့် ၂၁-၉-၂၀၀၁ ရက်နေ့တို့တွင် ပစ္စည်းများ ခွဲဝေပေးရန် နို့တစ်စာပေးပို့သော်လည်း အကြောင်းမပြန်သဖြင့် တရားစွဲဆိုရန် ဖြစ်လာကြောင်းကို အဆိုပြု ဖော်ပြထားပါတယ် ”
“ တရားပြိုင်များ၏ ချေပလွှာတွင် မြေကွက်နှင့် အိမ်မှာ တရားလိုရပိုခွင့်မရှိကြောင်း၊ အခင်းဖြစ်နေအိမ်မှာ ဦးဘိုးငြိမ်းမိသာစုက နဂိုအိမ်ဟောင်းကို ဖြိုဖျက်ပြီး အသစ်ပြန်လည်ဆောက်ထားခြင်းဖြစ်ကြောင်း ၊ အမွေပစ္စည်းနှင့် သက်ဆိုင်ခြင်း မရှိကြောင်း ၊ အမွေရှင် ဒေါ်နှင်းသာလှ ကွယ်လွန်သည့်နေ့မှာ ၂၇-၆-၂၀၀၁ ရက်နေ့တို့တွင် ပစ္စည်းများ ခွဲဝေပေးရန် နို့တစ်စာ ပေးပို့သော်လည် အကြောင်းမပြန်သဖြင့် တရားစွဲဆိုရန် ဖြစ်လာကြောင်းကို အဆိုပြု ဖော်ပြထားပါတယ် ”
“ ပြည်နယ်တရားရုံကလည်း အဆိုအချေတို့အရ ငြင်းချက် (၅)ရပ်နှင့် နောက်တိုးငြင်းချက်တစ်ရပ်ဖြစ်သည့် ကာလစည်းကမ်းသတ်ကျော်လွန်ခြင်း ရှိမရှိကို ထပ်မံထုတ်နုတ်ပြီး နှစ်ဖက်ကြားနာကာ အမွေရှင်ကွယ်သည့် အချိန်မှ တွက်လျှင်လည်းကောင်း ၊ ဦးမောင်ဘိုငြိမ်းက တရားလိုအား မွေးစားမိခင်နှင့် အတူနေထိုင်သည့်အိမ်မှ ဆင်းသွားစေပြီး လက်ရောက်သိမ်းပိုက်သည့်နေမှသော်လည်းကောင်း ၊ တွက်လျှင် ကာလစည်းကမ်းသတ်ကျော်လွန်နေသည်ကို တွေ့ရပါတယ်။သို့ပါ၍ နောက်တိုးကောက်ချက်ဖြစ်သည့် ဤအမှုစွဲဆိုရန် ကာလစည်းကမ်းသတ် ကျော်လွန်ပြီးဖြစ်သည်ဆိုခြင်းမှာ မှန်ကန်သည်ဟု ဖြေဆိုပြီး ၊ ကျန်ငြင်းချက်များအား မြေဆိုရန် မလိုတော့ကြောင်းနှင့် တရားလိုသည် သက်သာခွင့်ရထိုက်မည် မဟုတ်သောကြောင့် စရိတ်နှင့်တကွ ပလပ်လိုက်ပါတယ် ”
“ တရားရုံးချုပ်မှ ဤတရားမအယူခံမှုကို ဆုံးဖြတ်သည်မှာ မသိန်းစောအေး၏ မွေးသက္ကရာဇ်ဖြစ်သော ၁၉၇၀ ပြည့်နှစ်ကို အခြေခံ၍ ကြည့်ပါက မသိန်းစောအေးသည် ၁၉၈၈ ခုနှစ်တွင် အရွယ်ရောက်မည်ဖြစ်တယ်။ ကာလစည်းကမ်းသတ်အပ်ဥပဒေပုဒ်မ ၆ အရ တရားမကြီးမှု စွဲဆိုပိုင်သူသည် စည်းကမ်းသတ်ကာလအပိုင်းအခြား ၊ စတင်ရေတွက်ရမည့်အချိန်၌ အရွယ်မရောက်သေးသူဖြစ်လျှင် ထိုသူအရွယ်ရောကသည့်နေ့မှစ၍ အမှုအတွက် ပြဌာန်းထားသော ကာလအပိုင်းအခြားအတွင်းတွင် တရားစွဲဆိုခြင်းပြုလုပ်နိုင်တယ် ”
“ ထိုပြင် ကာလစည်းကမ်းသတ်အက်ဥပဒေပုဒ်မ ၈ ၌ အထူးခြွင်းချက်အနေဖြင့် ၊ သတ်မှတ်ပြဌာန်းထားချက်မှာ အရွယ်မရောက်သေးသူသည် တရာမကြီးအမှုကို အရွယ်ရောက်သည့်အခါမှစ၍ စွဲဆိုတင်သွင်းရမည်ဖြစ်ရာ ထိုစွဲဆိုတင်သွင်းရမည့် ကာလအပိုင်းအခြားကို ၃ နှစ်ထက်ပို၍ တိုးပေးသည်ဟု မမှတ်ယူရဟူသော ပြဌာန်းချက် ဖြစ်တယ်”
“ ကာလစည်းကမ်းသတ် အက်ဥပဒေ ပထမဇယားအပိုဒ် ၁၄၄ အရ ၊ ဆန့်ကျင်လက်ရှိဖြစ်သော ၁-၇-၈၃ နေ့တွင် မသိန်းစောအေးသည် အမွေစီမံခန့်ခွဲပေးစေလိုမှုကို စွဲဆိုပိုင်ခွင့် ရရှိတယ်။ထိုအချိန်၌ သူမဟာ အရွယ်မရောက်သေးပေ။ ၁၉၈၈ ခုနှစ်ကျမှသာ အသက် ၁၈ နှစ်ပြည့်၍ အရွယ်ရောက်မည်ဖြစ်တယ်။ မသိန်းစောအေး အရွယ်ရောက်သည့်အချိန်တွင် အမွေမှုအတွက် ရရှိတဲ့ စည်းကမ်းသတ်ကာလမှ ၅ နှစ်ကုန်သွားမည် ဖြစ်တယ်။ သို့ရာတွင် တရားစွဲဆိုရန် အချိန်ကာလ ၇ နှစ် ကျန်ရှိနေသေးရာအရွယ်ရောက်သည့် ၁၉၈၈ ခုနှစ်မှ ရေတွက်လျှင် မသိန်းစောအေးသည် အမွေစီမံခန့်ခွဲပေးစေလိုမှုကို နောက် ၇ နှစ်ဖြစ်သော ၊ ၁၉၉၅ ခုနှစ်ပင် ဖြစ်ပေသည်။ ထို့ကြောင့် သက်သေခံ(က)ကိတ္တိမမွေးစားစာချုပ်ပေါ်တွင် အခြေခံတွက်ချက်သည့်အတိုင် စည်းကမ်းသတ်ကာလများစွာ ကျော်လွန်နေသဖြင့် ပြည်နယ်တရားရုံး၏ ဖြေဆိုဆုံးဖြတ်ချက်မှာ မှားယွင်းခြင်းမရှိ၍ အယူခံမှုအား ပလပ်သည့်အမိန့်ကို တရားရုံးချုပ်မှ ဆုံးဖြတ်လိုက်ပါတယ် ”ကဲ သမီးတို့ရေ ဒီစီရင်ထုံးရဲ့ ဆုံးဖြတ်ချက်အတိုင်းသာ လိုက်နာကျင့်သုံးကြပေတော့ကွယ်” ဟု သြဝါဒခြွေဆိုလိုက်ပါတော့သည်။
Credit: ကြာညိုသင်း (ဥပဒေရေးရာအတိုင်ပင်ခံရှေ့နေ)