ပြည်ပ အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
အိန္ဒိယနိုင်ငံ၏ ဘဏ္ဍာရေးမြို့တော်ဟု ခေါ်ဆိုကြသော မွမ်ဘိုင်းတွင် မိသားစုတို့၏ ဝင်ငွေမှာ အလျင်မြန်ဆုံးမြင့်တက်လာလျက် ရှိနေသော်လည်း မိသားစုအများစုမှာ နေအိမ်တစ်လုံး ဝယ်ယူရန် မတတ်နိုင်ကြသေးကြောင်း အိန္ဒိယအခြေစိုက် သတင်းဝက်ဘ်ဆိုက် တစ်ခုတွင် ဖော်ပြသည်။
အိန္ဒိယနိုင်ငံရှိ အခြားသော မြို့ကြီးပြကြီးများတွင် နေအိမ်များမှာ တန်ဖိုးသင့် အနေအထားသို့ ရောက်ရှိနေပြီဖြစ်သော်လည်း မွမ်ဘိုင်းမှာ ချွင်းချက်တစ်ခုဖြစ်နေကြောင်း JLL India ၏ အချက်အလက်များတွင် ဖော်ပြသည်။
JLL India က ထုတ်ပြန်သော နေအိမ်ဝယ်ယူနိုင်စွမ်းညွှန်းကိန်းတွင် စတုရန်းပေ ၁၀၀၀ အကျယ်အဝန်းရှိ နေအိမ်ခန်းတစ်ခန်း ဝယ်ယူမည်ဆိုလျှင် ဘဏ်ချေးငွေရရေး အနည်းဆုံးရှိရမည့် ဝင်ငွေအောက် ၁၆ ရာခိုင်နှုန်း နည်းပါးနေသေးသည်ဟု ဆိုသည်။
ယင်းသို့ ဖြစ်ရခြင်းမှာ မွမ်ဘိုင်း၏ အိမ်ခြံမြေဈေးနှုန်းများ အလွန်အမင်း ခေါင်ခိုက်လျက်ရှိနေခြင်းမှာ အဓိကအကြောင်းရင်း ဖြစ်သည်။
စတုရန်းပေ ၁၀၀၀ အကျယ်အဝန်းရှိ နေအိမ်ခန်းတစ်ခန်း၏ ပေါက်ဈေးမှာ အခြားသော မြို့ကြီးများနှင့် နှိုင်းယှဉ်လျှင် မွမ်ဘိုင်းမှာ ပိုမိုမြင့်မားနေရာ မိသားစုများအဖို့ ချေးငွေပိုမိုများပြားစွာ ရယူရမည်ဖြစ်ရာ အနည်းဆုံးဝင်ငွေလိုအပ်ချက်လည်း မြင့်မားလာရခြင်း ဖြစ်သည်။
၂၀၁၃ ခုနှစ်အတွင်း အိမ်ခြံမြေချေးငွေ ရယူနိုင်ရန်အတွက် အနိမ့်ဆုံးရှိရမည့် သတ်မှတ်ဝင်ငွေထက် ပိုမိုမြင့်မားစွာရရှိသည်မှာ ဟိုက်ဒရာဘက်ဒ်မြို့ကြီးတစ်မြို့သာ ရှိခဲ့သည်။
နောက်ပိုင်းတွင်ကား ဝင်ငွေပမာဏများ လျင်မြန်စွာမြင့်တက်လာမှုကြောင့် မွမ်ဘိုင်းမှလွဲပြီး မြို့ကြီးများအားလုံးမှာ နေအိမ်ဝယ်ယူနိုင်သည့် အနေအထားသို့ ရောက်ရှိလာခဲ့သည်။ သို့ရာတွင် မွမ်ဘိုင်းအိမ်ထောင်စုများ၏ ဝင်ငွေမှာ နေအိမ်ဝယ်ယူနိုင်မည့်အနေအထားသို့ ယခင်ကထက် မြင့်တက်လာခဲ့သည်။
၂၀၁၃ ခုနှစ်အတွင်းက နေအိမ်ချေးငွေရယူရန်အတွက် အနည်းဆုံးရှိရမည့်ဝင်ငွေ၏ ၄၇ ရာခိုင်နှုန်းသာ မွမ်ဘိုင်းမြို့သားတို့ ရရှိခဲ့ပြီး ယနေ့တွင်ကား ၈၄ ရာခိုင်နှုန်းအထိ မြင့်တက်လာသည်။
သို့စေကာမူ အနည်းဆုံး ၂၀၂၁ ခုနှစ်တိုင်အောင် မွမ်ဘိုင်းမြို့သားတို့ နေအိမ်ပိုင်ဆိုင်ရေးအိပ်မက် ဖြစ်ပေါ်လာဖွယ်မရှိသေးကြောင်း JLL ၏ အစီရင်ခံချက်တွင် ဖော်ပြသည်။
၂၀၁၁ ခုနှစ် သန်းကောင်စာရင်းအရ မွမ်ဘိုင်းတွင် အခြေချနေထိုင်သူ ၁၈ ဒသမ ၄ သန်းရှိပြီး အိန္ဒိယ၏ လူဦးရေအထူထပ်ဆုံး ဒေသကြီးတစ်ခုဖြစ်သည်။
မွမ်ဘိုင်းတွင် အာရှတိုက်၏ အကြီးမားဆုံး ဆင်းရဲသားရပ်ကွက်များ တည်ရှိသည့်နည်းတူ အိမ်ခြံမြေဈေးနှုန်းမှာလည်း အာရှတိုက်၏ ဈေးအကြီးဆုံးဒေသများတွင် ပါဝင်နေသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)