ပြည်ပ အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
ဗီယက်နမ် အိမ်ခြံမြေဈေးကွက်သို့ ဂျပန်စီးပွားရေးလုပ်ငန်းများမှ ရင်းနှီးမြှုပ်နှံမှုများ အလုံးအရင်း ဝင်ရောက်လာလျက်ရှိနေကြောင်း အမေရိကန်ပြည်ထောင်စု၊ တက္ကဆပ်ပြည်နယ်အခြေစိုက် TMS HOMES INC မှ General Director ငုယင် ဆွမ် ငေါင်က ဧပြီ ၄ ရက်တွင် ထုတ်ဖော်ပြောကြားသည်။
ဗီယက်နမ်သတင်းအေဂျင်စီနှင့် တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် သူမက ယင်းကဲ့သို့ ထုတ်ဖော်ပြောကြားလိုက်ခြင်းဖြစ်ပြီး လာမည့် ရက်သတ္တပတ်အတွင်း တိုကျို၊ အိုဆာကာနှင့် ဖူကူအိုကာတို့တွင် TMS Homes ၏ မိခင်ကုမ္ပဏီ TMS Group က ကမကထပြု ကျင်းပ မည့် ရင်းနှီးမြှုပ်နှံမှုမြင့်တင်ရေးဆိုင်ရာကွန်ဖရင့်များ မတိုင်မီ ယခုကဲ့သို့ ထုတ်ဖော်ပြောကြားလိုက်ခြင်းလည်း ဖြစ်သည်။
အဆိုပါကွန်ဖရင့်များ၏ အဓိကရည်ရွယ်ချက်မှာ TMS Group က ဗီယက်နမ်တွင် အကောင်အထည်ဖော်နေသည့် အိမ်ခြံမြေစီမံကိန်းများ အတွက် မိတ်ဖက်များ ရှာဖွေနိုင်ရန် ရည်ရွယ်ခြင်း ဖြစ်သည်။
ကွန်ဖရင့်ပွဲများ ကျင်းပရန်နေရာအတွက် ဂျပန်ကို ပထမဦးစားပေးအဖြစ် ရွေးချယ်ရခြင်းမှာ ဂျပန်သည် ဗီယက်နမ်၏ အရေးအကြီးဆုံး စီးပွားရေးမိတ်ဖက်များတွင် ပါဝင်သောကြောင့်ဖြစ်ကြောင်းလည်း ငုယင် ဆွမ်ငေါင်က ထုတ်ဖော်ပြောကြားသည်။
ဂျပန်သည် ဗီယက်နမ်တွင် ဒုတိယအကြီးမားဆုံး ရင်းနှီးမြှုပ်နှံသည့်နိုင်ငံဖြစ်ပြီး စီမံကိန်း ၄၀၀၀ နီးပါးတွင် ကန်ဒေါ်လာ ၅၅ ဒသမ ၄ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံထားသည်။
ထို့အပြင် ဗီယက်နမ်သို့ ဝင်ရောက်သည့် ကမ္ဘာ့လှည့်ခရီးသွားဦးရေပမာဏတွင်လည်း ဂျပန်သည် တတိယနေရာတွင် ရပ်တည်နေပြီး ၂၀၁၇ ခုနှစ်အတွင်း လာရောက်လည်ပတ်သူ ၈၀၀၀၀၀ ခန့်အထိ ရှိခဲ့သည်။
ကုန်သွယ်မှုကဏ္ဍတွင်လည်း ဂျပန်သည် စတုတ္ထနေရာတွင် ရပ်တည်နေပြီး ၂၀၁၇ ခုနှစ်အွင်း နှစ်နိုင်ငံကုန်သွယ်မှုပမာဏမှာ ကန်ဒေါ်လာ ၃၃ ဒသမ ၅ ဘီလီယံဖိုးခန့် ရှိခဲ့သည်။
ဗီယက်နမ်အိမ်ခြံမြေလောကသို့ ဂျပန်မှရင်းနှီးမြှုပ်နှံမှုများ အလုံးအရင်းဝင်ရောက်လျက်ရှိချိန်တွင် TMS Group က အဆိုပါအခြေအနေ၊ အခွင့်အလမ်းကို ဆုပ်ကိုင်ကာ ၎င်း၏စီမံကိန်းများ အကောင်အထည်ဖော်ရန်အတွက် မိတ်ဖက်များ ရှာဖွေရန် ကြိုးပမ်းလာခြင်းလည်း ဖြစ်သည်။
TMS Group သည် ဂျပန်မှမိတ်ဖက်များနှင့် ၁၅ နှစ်ကျော် လက်တွဲလုပ်ကိုင်ဖူးသည့် အတွေ့အကြုံများ ရှိထားသည်။
TMS Group သည် အိမ်ခြံမြေလုပ်ငန်းအပြင် ဂျပန်လုပ်ငန်းရှင်များနှင့် လက်တွဲကာ ပညာရေးနှင့် ကျန်းမာရေးလုပ်ငန်းများလည်း တိုးချဲ့ လုပ်ကိုင်သွားရန် ရည်မှန်းထားကြောင်း ငုယင် ဆွမ်ငေါင်က ဆက်လက်ပြောကြားသည်။
TMS Group ကို ၂၀၀၄ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး အိမ်ခြံမြေလုပ်ငန်း၊ လူ့စွမ်းအားအရင်းအမြစ် ပံ့ပိုးရေး၊ ပညာရေး၊ ကုန်သွယ်ရေး ဝန်ဆောင်မှု၊ အဆင့်မြင့် နည်းပညာသုံး စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ပြီး အိမ်ခြံမြေကဏ္ဍမှာမူ ပင်မလုပ်ငန်းဖြစ်သည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)